တန့်ယန်း-ပန်ဆန်းကြား စစ်တပ်ဂိတ်များတွင် သေနတ်ပြခြိမ်းခြောက် ငွေတောင်းကြမ်းနေ

By Staff 2 အောက်တိုဘာ, 2026 👁 103

သျှမ်းပြည် တန့်ယန်းနှင့် ပန်ဆန်းမြို့နယ်ကြားရှိ စစ်တပ်ဂိတ်များတွင် ခရီးသွားပြည်သူများကို သေနတ်ပြ ခြိမ်းခြောက်ပြီး ငွေတောင်းကြမ်းနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ တန့်ယန်း-ပန်ဆန်း လမ်းမကြီးပေါ်တွင် စစ်တပ်ဘက်မှ စစ်ဆေးရေးဂိတ် ၈ ခုထက်မနည်း ဖွင့်လှစ်ကာ တစ်ဂိတ်လျှင် လူတစ်ဦးဖြတ်သန်းခ ကျပ် ၅၀၀၀ ကောက်ခံနေပြီး မပေးလျှင် သေနတ်ပြ ခြိမ်းခြောက်နေကြောင်း ခရီးသွားများက ပြောသည်။

“ဖြတ်သွားဖြတ်လာ လုပ်ရင်တောင် တယောက်ကို ငါးထောင် ပေးနေရတာ။ ကားနဲ့ဆိုရင်လည်း လူငါးယောက်ပါရင် နှစ်သောင်းခွဲ ပေးရတာ။ အခုက လူဘယ်နှယောက် ဆိုပြီး ကောက်နေတာ၊ မပေးရင်လည်း စစ်သားတွေက သေနတ်ဒင်နဲ့ စောင့်တာ မောင်းတင်တာတွေ လုပ်တာ” ဟု တန့်ယန်းဒေသခံ အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တန့်ယန်းမြို့နှင့် လွယ်အင်ကျေးရွာကြား မိုင် ၂၀ ခန့်သာ ကွာဝေးပြီး ပြီးခဲ့သည့် ၃ လခန့်ကမှ စတင်ကာ စစ်ကောင်စီတပ်သားများ လမ်းမကြီးပေါ်တွင် စောင့်ဆိုင်းပြီး ခရီးသွားများထံ ခြိမ်းခြောက်ငွေတောင်းနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် လမ်းကြောင်းတစ်လျှောက် ဖြတ်သန်းသွားသည့် ကုန်တင်ကားများလည်း စစ်တပ် စစ်ဆေးရေးဂိတ် တစ်နေရာလျှင် ကျပ် ၇ သောင်းမှ တစ်သိန်းကျော်အထိ ပေးဆောင်နေရကြောင်း ဆိုသည်။

အလားတူ တရုတ်နယ်စပ်မှတဆင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်နယ်မြေများထဲ ဖြတ်သန်းလာသည့် ကုန်ပစ္စည်းများနှင့် ‘ဝ’ တပ်ဖွဲ့ UWSA ထိန်းချုပ် တရုတ်နယ်စပ်ဂိတ်များမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က သျှမ်းပြည်တောင်ပိုင်းသို့ သယ်ဆောင်ခွင့်မပြုဘဲ ကန့်သတ်တားမြစ်ထားကြောင်း လားရှိုး-တောင်ကြီး ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။

သျှမ်းသံတော်ဆင့်