ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထားသူများကို ယခု အပစ်အခတ်ရပ်စဲထားချိန်တွင် ပြန်လည်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။
စစ်တပ်နှင့် AA တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ကစပြီး အပစ်အခတ်ရပ်စဲခဲ့ကြသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် AA နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံထားရသူများမှာ ပြန်လွတ်လာမည်ဟု မိသားစုဝင်များက မျှော်လင့်နေကြသည်။
ရခိုင်တွင် ၂၀၂၂ ခု သြဂုတ်လမှ စတင်ဖြစ်ပွားခဲ့သော တကျော့ပြန်တိုက်ပွဲကြောင့် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ ၃၂၄ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကို ပြန်လွှတ်ပေးခဲ့ကာ ၂၃၉ ဦးကို ဖမ်းဆီးထားဆဲဖြစ်သည်။
ထို့ပြင် စက်တင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၂၆ ဦးထက်မနည်း သေဆုံးကာ ၁၁၁ ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းက ဖမ်းဆီးခံရပြီး လက်ရှိတွင် နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅(က) ဖြင့် စွဲချက်တင်ခံရသည့် ကျောက်တော်မြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအား ပြီးခဲ့သည့် လွတ်လပ်ရေးနေ့တွင် လွတ်မြောက်လာမည်ဟု မိသားစုဝင်များက မျှော်လင့်ခဲ့သော်လည်း လွတ်မြောက်ခြင်း မရှိခဲ့ပေ။
“ကျမဆိုရင် လွတ်လပ်ရေးနေ့က တစ်ညလုံး အိပ်မရဘူး။ လွတ်လာမယ်လို့လည်း ပြောသံကြားတယ်။ လွတ်လာဖို့အတွက် အများကြီးမျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် လွတ်လာတဲ့လူထဲမှာ သူ ပါမလာဘူး။ အခုအချိန်မှာတော့ အမြန်ဆုံး လွှတ်ပေးစေချင်ပါတယ်” ဟု ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက DMG ကို ပြောသည်။
တကျော့ပြန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံများကို လွှတ်ပေးရန် လွတ်လပ်ရေးနေ့မတိုင်မီက စစ်ကောင်စီနှင့် AA တို့ကြား ညှိနှိုင်းမှုတချို့ရှိခဲ့သည်ဟု DMG ၏ ခိုင်လုံသော သတင်းရင်းမြစ်ထံမှ သိရသည်။
သို့သော် လွတ်လပ်ရေးနေ့ (ဇန်နဝါရီလ ၄ ရက်) တွင် စစ်ကောင်စီက ရခိုင်ပြည်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၀၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သော်လည်း AA နှင့် ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးတရားရင်ဆိုင်နေရသူများ တစ်ဉီးမျှ မပါဝင်ခဲ့ပေ။
ဇန်နဝါရီလ ၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော် (AA) မှ အရာရှိတစ်ဦးအပါအဝင် ၅ ဦးနှင့် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင် ၃ ဦးတို့ဖြင့် စစ်သုံ့ပန်းချင်းလှဲလှယ်ခြင်းကို ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာ (ရွာသစ်) နှင့် ကွမ်းတောင်ကျေးရွာကြားတွင် ပြုလုပ်ခဲ့ကြသည်။
ရခိုင်တွင် အပစ်ရပ်ထားချိန် တစ်လကျော်ကြာမြင်လာသည့်တိုင် AA နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးခံထားရသော ဒေသခံအများအပြားမှာ လွတ်မြောက်လာခြင်း မရှိသေးပေ။
DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည့် သံသယဖြင့် မြို့နယ်အသီးသီးမှ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံများအပါအဝင် စုစုပေါင်လူဦးရေ ၅၀ ခန့်ကို စစ်ကောင်စီက မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇ (၁) (၂)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) (ခ) စသည့် နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုထားသည်။
ပုဒ်မ- ၁၇ (၁) (၂) ဖြင့် အမှုဖွင့်ခံထားရသည့် မောင်တောမြို့နယ်၊ မင်္ဂလာညွှန့်ကျေးရွာမှ ကိုခင်ဇော်၏ အစ်မဖြစ်သူ မနုသန်းယဉ်က “အဲဒီနေ့(လွတ်လပ်ရေးနေ့)က ကျမ အမေဆိုရင် သားလွတ်လာမယ်လို့ မျှော်လင့်ထားတာ။ ဒါပေမဲ့ လွှတ်ပေးတဲ့လူတွေထဲမှာ ပါမလာဘူး။ ကျမ မောင်လေးမှာ ဘာမှအပြစ်ရှိတာလည်း မဟုတ်ဘူး။ ဒါကြောင့် နောက်ထပ် ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂ ရက်) မှာ လွတ်လာမလားဆိုပြီးတော့ မျှော်နေမိပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်းမှ နုတ်ထွက်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို AA က ပြန်လည်တာဝန်ထမ်းဆောင်စေမှုအပေါ် စစ်ကောင်စီက ကြိုဆိုခြင်း၊ နှစ်ဖက်တပ်များမှ ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကို အချင်းချင်း လှဲလှယ်ခြင်း စသည့်အခြေအနေများကို တွေ့မြင်ရသည်။
အောင်ထိန် (DMG) – ပေးပို့သည်။