မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု ငါးနှစ်ကျော်လာချိန်၌ ပဋိပက္ခ၊ မလုံခြုံမှု၊ နေရပ်စွန့်ခွာမှု၊ စီးပွားရေးမတည်ငြိမ်မှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ ပေါင်းစပ်နေသည့် အကျပ်အတည်းများကို ပြည်သူများ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောကြားသည်။
၂၀၂၆ ခုနှစ်အတွက် UNDP၊ UNFPA နှင့် UNOPS Executive Board ၏ ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးအတွင်း ဩဂုတ် ၂၆ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) အမှုဆောင်ညွှန်ကြားရေးမှူးနှင့် အပြန်အလှန်ဆွေးနွေးပွဲတွင် ဦးကျော်မိုးထွန်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးကျော်မိုးထွန်းက စစ်အုပ်စုသည် အပေါ်ယံအပြောင်းအလဲများကို ဟန်ပြလုပ်ဆောင်နေသော်လည်း အရပ်သားပြည်သူများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ခြင်းမရှိသဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ကျဆင်းဆုတ်ယုတ်နေသည့် အခြေအနေမှ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြောင်း ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် ပြည်သူများ၏ နေအိမ်များနှင့် စာသင်ကျောင်းများကို ဒေသခံမိတ်ဖက်အဖွဲ့များက ပြန်လည်တည်ဆောက်ပေးနေရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများတွင်လည်း ပျက်စီးသွားသည့် ယာယီခိုလှုံရာများကို အသိုက်အဝန်းအတွင်းရှိ မိတ်ဖက်များက ပြန်လည်တည်ဆောက်ပေးနေရကြောင်း ဆိုသည်။
စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပိတ်ဆို့တားဆီးနေသည့်အတွက် ရှေ့တန်းတွင် လုပ်ဆောင်နေသည့် ဒေသခံမိတ်ဖက်အဖွဲ့များကပင် အသက်ကယ်ဝန်ဆောင်မှုများ ပြန်လည်လည်ပတ်နိုင်ရန် လုပ်ဆောင်ပေးနေရကြောင်းလည်း ၎င်းက ပြောသည်။
ထိုအခြေအနေတွင် UNDP ၏ ဝန်ဆောင်မှုများ ထိရောက်စေရန် မှန်ကန်သည့် မိတ်ဖက်များ ရွေးချယ်ခြင်းနှင့် သက်ဆိုင်ရာ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း ဦးကျော်မိုးထွန်းက ဆိုသည်။
ထို့အပြင် လူသားချင်းစာနာထောက်ထားမှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချိတ်ဆက်အကောင်အထည်ဖော်ရန် လိုအပ်ပြီး ယင်းသို့လုပ်ဆောင်ခြင်းဖြင့် ပဋိပက္ခများ၏ အခြေခံအကြောင်းရင်းများကို ဖြေရှင်းနိုင်သကဲ့သို့ မြန်မာနိုင်ငံကိုလည်း လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိစေနိုင်မည်ဖြစ်ကြောင်း ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများသည် စိန်ခေါ်မှုများကြားမှ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရရှိရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းက ပြောကြားသည်။
မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီအဆောက်အအုံများ ပြန်လည်အသက်သွင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဖြင့် မိမိတို့၏အနာဂတ်ကို ဖန်တီးရန် အခိုင်အမာဆုံးဖြတ်ထားကြောင်း ဦးကျော်မိုးထွန်းက ပြောသည်။
ယင်းကြောင့် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
မဇ္ဈိမ