စစ်တွေမြို့ပေါ် လက်နက်ကြီးကျည် ၅ လုံး ကျရောက်ပေါက်ကွဲ၊ စာသင်ကျောင်းနှင့် ဝန်ထမ်းအိမ်ရာများ ထိမှန်

By MPM 10 စက်တင်ဘာ, 2026 👁 37

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စာသင်ကျောင်း၊ ဝန်ထမ်းအိမ်ရာနှင့် ဘုန်းကြီးကျောင်းအနီးတို့သို့ စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် လက်နက်ကြီးကျည် ငါးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက မဇ္စျိမသို့ ပြောသည်။

​ထိုနေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ အ.ထ.က (၄) ကျောင်းဝန်းအတွင်း တလုံး၊ အနောက်စံပြရပ်ကွက် ဝန်ကြီးအိမ်ရာအတွင်း နှစ်လုံး၊ ဘုန်းကြီးကျောင်းအနီး တလုံးနှင့် ထွေအုပ်ရုံးအနောက်ဘက် ဝန်ထမ်းအိမ်ရာအတွင်း တလုံး စုစုပေါင်း လက်နက်ကြီးကျည် ငါးလုံးဆက်တိုက် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

​စစ်တွေမြို့ဒေသခံ အမျိုးသမီးတဦးက “နံနက်ပိုင်းမှာ လက်နက်ကြီးသံတွေ တောက်လျှောက်ကြားရပြီး ရပ်ကွက်ထဲကျလာတာ။ အ.ထ.က (၄) ကျောင်းထဲက ခရေပင်နားမှာ တလုံးကျတယ်။ ကလေးတွေ ထိခိုက်တာတော့ မကြားရသေးဘူး။ ဝန်ထမ်းအိမ်ရာနဲ့ ဘုန်းကြီးကျောင်းနားမှာပါကျတော့ လူတွေ အတော်လေး ထိတ်လန့်သွားကြတယ်” ဟု မဇ္စျိမသို့ပြောသည်။

လက်နက်ကြီးကျည်ကျရောက်ခဲ့သဖြင့် အ.ထ.က (၄) စာသင်ကျောင်းတွင် အရေးပေါ်အခြေအနေအဖြစ် ကျောင်းလွတ်ခဲ့ကြရပြီး အဆိုပါ လက်နက်ကြီးကျည်မှာ စစ်​အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်နေချိန်အတွင်း ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု စစ်တွေမြို့ခံများကဆိုသည်။

“ဘယ်ကပစ်လို့ကျတာလဲ၊ ဘယ်အဖွဲ့ရဲ့ လက်နက်ကြီးကျည်လဲဆိုတာ ကျနော့်အနေနဲ့ မသိပါ။ သိတာကတော့ မြို့ပေါ်ကို လက်နက်ကြီးမကျခင်မှာ စစ်တွေတပ်ရင်းတွေက တောက်လျောက်ကို လက်နက်ကြီးတွေပစ်တာ၊ ဘယ်နေရာကိုပစ်လဲတော့ မသိ​ဘူး။ AAဘက်ကလည်း ပြန်ပစ်တာမျိုးရှိတယ်” ဟု စစ်တွေမြို့ခံအမျိုးသားတဦးက မဇ္စျိမသို့ ပြောသည်။

ထို့အပြင် စစ်တွေနှင့် နယ်နိမိတ်ထိစပ်နေသည့် ပုဏ္ဏားကျွန်းမြို့မ အခြေခံပညာအထက်တန်းကျောင်း (မြို့မ) အတွင်းသို့လည်း ယမန်နေ့ မွန်းလွှဲပိုင်းက စစ်အုပ်စုတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းဆောင်သစ်တဆောင် လုံးဝ ပျက်စီးသွားခဲ့သည်။

​ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတဦးက “မြို့မ အ.ထ.က ကျောင်းဝန်းထဲကို နှစ်လုံးကျတာ။ တလုံးက ကျောင်းဆောင်ကြီးအရှေ့မှာကျပြီး နောက်တလုံးက ကျောင်းဆောင်သစ်ပေါ်တည့်တည့်ကျတာဆိုတော့ ကျောင်းဆောင်က လုံးဝ ပျက်စီးသွားတယ်။ စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်းတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေတာ” ဟု မဇ္စျိမသို့ ပြောသည်။

​ပြီးခဲ့သည့်စက်တင်ဘာလ ၃ ရက်နေ့မှစ၍ စစ်တွေ – ပုဏ္ဏားကျွန်း အစပ်နေရာတလျှောက် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီးနောက် စစ်အုပ်စုဘက်မှ လက်နက်ကြီး၊ MLRS ဒုံးပစ်စနစ်များ၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

​ယင်းနောက် စက်တင်ဘာလ ၄ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းရှိ ရှေးဟောင်းသမိုင်းဝင် ဂူဝဘုရားအနီးကို လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ရဟန်းတာ ၅၀၀ ဆင်းတုတော်များ ပျက်စီးခဲ့ရသလို စက်တင်ဘာ ၇ ရက် နံနက်ပိုင်းတွင်လည်း ပုဏ္ဏားကျွန်းမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

​လက်ရှိတွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းနယ်စပ်၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည့်အတွက် အရပ်သားပြည်သူများအနေဖြင့် လေကြောင်းနှင့် ရေကြောင်းရန်များကို အထူးစစ်ရေးသတိထားကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က သတိပေးနှိုးဆော်ထားသည်။

မဇ္ဈိမ