မြ၀တီမြို့တောင်ဘက်ပိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၆) နယ်မြေအတွင်း လေးကေကော်မြို့သစ်ဘက်မှ ဝေါ်လေဒေသအထိ စစ်ကောင်စီဘက်မှ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်ခြင်း တစ်နှစ်ပြည့်လာသည်အထိ စစ်ဘေးရှောင်နေကြရသည့် ဒေသခံများ မိမိ နေရပ်ရင်း မပြန်နိုင်ကြသေးဘဲ ခက်ခက်ခဲခဲ ရှင်သန်ရပ်တည်နေကြရသေးကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောသည်။
“ကျမတို့ ကိုယ့်နေရာ ကိုယ့်အိမ်ပြန်ချင်ပြီးလေ။ အခုက ဒီနေ့ဆို လေးကေကော်ကနေ ပြေးရှောင်ပြီး သောင်ရင်း မြစ်ဘေးရှောင်နေရတာ တစ်နှစ်ရှိပြီး။ အခု စစ်တပ်ဘက်က ရွာလူကြီးတွေနဲ့ ညှိနိုင်းပြီး လေးကေကော်ကို ပြန် နေလို့ရဖို့ လုပ်နေတယ်တော့ကြားတယ်။ တိုက်ပွဲတွေ လချီပြီး ဖြစ်ထားတဲ့နေရာကို မိုင်းတွေရှင်း ခြုံတွေရှင်း လမ်းတွေရှင်းပြီး တိုက်ပွဲမဖြစ်တော့ဘူးဆိုတဲ့ အာမခံချက်မျိုး ရှိမဲ့ အခြေအနေကြမှ ပြန်နေမယ်တော့ တွေးထား တယ်။ အခုက နေရေးစားရေး တစ်အားခက်ခဲတယ်။” ဟု လေးကေကော် ရပ်ကွက်တစ်ခုမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
လက်ရှိတွင် အဆိုပါ လေးကေကော်ဒေသတွင် တိုက်ပွဲများ မရှိတော့သောကြောင့် ဒေသတွင်းအပစ်ရပ် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA၊ စစ်ကောင်စီ တပ်ပိုင်းဆိုင်ရာတာ၀န်ရှိသူများမှ လေးကေကော် မြို့သစ် အုပ်ချုပ်ရေးအဖွဲ့ လူကြီးများနှင့် ညှိနှိုင်းကာ စစ်ဘေးရှောင်များ ပြန်လည်၀င်ရောက်နေထိုင်နိုင်ရန် စီစဉ် ပေးနေပြီး လေးကေကော်မြို့သစ်အတွင်း လိုအပ်သည့် မိုင်းရှင်းလင်း နှင့် ခြုံနွယ်အမှိုက်ရှင်းလင်းရေးများကို လုပ်ဆောင်နေကြကြောင်း သိရသော်လည်း စစ်ဘေးရှောင်များအနေဖြင့် စိတ်မချရသည့် အခြေအနေတွင်သာ ရှိနေသေးသောကြောင့် နေရပ်မပြန်လိုကြသေးကြောင်း စစ်ရှောင်တစ်ဦးက ယခုလိုပြောသည်။
“အခုက တခြားရွာတွေ ထီးမယ်ဝါးခီး ပဟိကလော်၊ သေ့ဘောဘိုး၊ ဘလယ်ဒို ရွာတွေ နေရပ်ပြန်နေတယ်ဆိုပြီး စစ်တပ်ဘက်က သတင်းတွေလွှင့်နေပေမယ့် တစ်ကယ်က သူတို့လာခေါပြီး ဓါတ်ပုံ ရိုက်တာ မျိုးလောက်ပါပဲ။ လိုက်သွားတဲ့ သူတွေကလည်း ကိုယ့်အိမ် ကိုယ့်ယာ ဘာတွေ ပျက်ကုန်ပျောက်ကုန်ပြီးလည်း ပြန်လိုက်ကြည့်တဲ့ သဘောပါပဲ။ တစ်ကယ် ပြန်နေတဲ့သူက နည်းနည်းဘဲ ရှိသေးတယ်။ တချို့က နေ့ဘက် အိမ်မှာခြံမှာပြန်နေပြီး ည ဆို ဒီစစ်ရှောင်နေရာမှာဘဲ လာပြန်အိပ်ကြတယ်။ လေးကေကော်တော့ ခြုံတွေ လမ်းတွေ သန့်ရှင်းရေး လုပ်နေ တယ်တော့သိရတယ်။ လေယာဉ် က ညဘက် လာလာပျံနေတုန်းဆိုတော့ စိတ်မချရသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် လအတွင်း သေ့ဘောဘိုးကို ဝင်ရောက် ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်းနှင့် ဒေသခံ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ ပြန်ရောက် နေထိုင်နိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီဘက်မှ စစ်ဘေးရှောင်များကို လိုက်လံ အသိပေး ဆော်ဩပေးခဲ့သလို ၎င်းတို့ ထိန်းချုပ်ထားသည့် သတင်းမီဒီယာများတွင်လည်း သတင်းများ ထုတ်ပြန်ခဲ့ပြီး နေအိပ်ပြန်လည်ဝင်ရောက်ခဲ့သူတချို့ရှိခဲ့သလို မပြန်လာရဲသေးဘဲ အခြေအနေ စောင့်ကြည့်နေသူများလည်းရှိသေးကြောင်း သိရသည်။
ထိုသို့ နေရပ်မပြန်ရဲကြသေးသော လေးကေကော်မြို့သစ်မှ စစ်ဘေးရှောင်နေရသူ ကလေးလူကြီးအပါအဝင် စစ်ဘေးရှောင် နှစ်ထောင်၀န်းကျင်ခန့် အဓိက စုဖွဲ့နေထိုင်ရာ ပလော့တပို့ (အမိုးပြာ) စစ်ရှောင်စခန်းတွင် အုပ်ချုပ်ရေးပိုင်း အကြီးအကဲများမှ စစ်ဘေးရှောင်မိသားစုများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အသက်မွေး၀မ်းကြောင်းအတတ်ပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး တစ်ပိုင်တစ်နိုင်လုပ်ငန်များ ထူထောင်အကူအညီပေးနေကြောင်းလည်း စစ်ဘေးရှောင်များက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီမှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က လေးကေကော်မြို့သစ်နေရာအား နယ်မြေရှင်းလင်းရေး စစ်ကြောင်းများ ဝင်ရောက်လာပြီး စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ရာမှ နယ်မြေခံ KNU ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိ တစ်နှစ်ပြည့်ကာလအထိ လေးကေကော်-သေ့ဘောဘိုး-ဝေါလေ လမ်းပိုင်းတစ်လျှောက်ကို စစ်ကောင်စီဘက်မှ အပြည့်အဝ ထိန်းချုပ်စိုးမိုးနိုင်ခြင်း မရှိသေးဘဲ နှစ်ဘက်စစ်ရေးတင်းမာမှုများလည်း ဆက်လက်ရှိနေသေးကြောင်း နယ်မြေခံစစ်ရေး တာဝန်ရှိသူများကဆိုသည်။
လက်ရှိ ကာလအထိ လေးကေကော်မှ ဝေါလေဒေသဘက်အထိ စစ်ရှောင်အစုအဖွဲ့ ၆ နေရာခန့်တွင် စစ်ရှောင်လူဦးရေ (၇,၀၀၀) ခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်ကြောင်းနှင့် စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများအတွက်လည်း တစ်ပိုင်တစ်နိုင်လှူဒါန်းမှု များကိုသာ မှီခိုနေရကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ဆိုသည်။
KIC – ပေးပို့သည်။