ငြိမ်းချမ်းနေကြောင်း ဟန်ပြရန် တန်ဆောင်တိုင်ပွဲ စည်ကားအောင် အာဏာသိမ်းစစ်အုပ်စု ဖိအားပေး

By MPM 7 အောက်တိုဘာ, 2026 👁 124

ရှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အာဏာသိမ်းစစ်အုပ်စု ဦးဆောင်ကျင်းပမည့် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခင်နှစ်ထက် စည်ကားအောင်ကျင်းရန် မီးပုံပျံပြုလုပ်သည့်အဖွဲ့များအား ဖိအားပေးနေပြီး၊ ပြည်တွင်းတွင် ငြိမ်းချမ်းတည်ငြိမ်နေကြောင်း ဟန်ပြရန်ကြိုးပမ်းနေသည်ဟု တောင်ကြီးဒေသခံများက ပြောသည်။

တောင်ကြီးမြို့တွင် ယခုနှစ် တန်ဆောင်တိုင်ပွဲတော်ကို ယခင်နှစ်ထက် စည်ကားအောင်ကျင်းပရန် စီစဉ်နေခြင်းသည် မြို့တွင်းနှင့် ပြည်တွင်းတွင် ငြိမ်းချမ်းတည်ငြိမ်နေကြောင်း ပြသလိုခြင်းဖြစ်နိုင်ကြောင်း တောင်ကြီးမြို့ခံ အသက် ၄၅နှစ်အရွယ်ရှိ အမျိုးသမီးတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီနှစ်တန်ဆောင်တိုင်ကော ရှမ်းနှစ်သစ်ကူးကော စည်ကားအောင်လုပ်ဖို့ သူတို့ရည်ရွယ်ထားပါတယ်။ ဒီအစိုးရလက်ထက်မှာ ပြည်တွင်းကအခြေနေတွေ ငြိမ်းချမ်းနေကြောင်း ဟန်ပြလုပ်တဲ့ပုံစံပါပဲ။ နိုင်ငံရေးအရဆိုရင်တော့ ဒီတောင်ကြီးမြို့ပဲ သူတို့ သေချာ လုပ်ပြနိုင်တာလေ” ဟု ၎င်းအမျိုးသမီးကဆိုသည်။​

တဖက်တွင် တောင်ကြီးမြို့အပါအဝင် တခြားသောမြို့နယ်များတွင် စစ်အုပ်စုနှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်ကလည်း  စစ်မှုထမ်း အတင်းအဓမ္မကောက်ယူခြင်း၊ စစ်မှုထမ်းအတွက် လစဉ် ငွေကြေး ကောက်ယူခြင်းအပြင် လူငယ်များကို ပေါ်တာဆွဲခြင်းလည်း ပြုလုပ်နေကြောင်း ၎င်းအမျိုးသမီးက ပြောသည်။​

“စစ်မှုထမ်းတွေကလည်း ရှိနေတုန်းပါ။ လစဉ် စစ်မှုထမ်းကြေးတွေကလည်း ပေးနေရပါတယ်။ မြို့တွင်းကလည်း သူခိုးတွေက တနေ့ပြီးတနေ့ များလာတယ်။ဒါကို သျှမ်းပြည်က အေးချမ်းတယ်၊ ငြိမ်းချမ်းနေပြီဆိုတာ ပြချင်တဲ့သဘောပါပဲ” တောင်ကြီးမြို့ခံ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ရှိ အဝေရာ မီးပုံးပျံကွင်းတွင် (နိုဝင်ဘာ ၁၈ ရက် မှ ၂၄ ရက်) အထိ တန်ဆောင်တိုင် ပွဲတော်အား ၇ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်တွင် ညလွှတ်မီးပုံးပျံ အပါအဝင် နေ့လွှတ်ရုပ် မီးပုံးများ စုစုပေါင်း ၅၅၆ လုံးအထိ ဝင်ရောက်ယှည်ပြိုင်ရန် ရှိကြောင်း သိရသည်။

ယခုနှစ် ၂၀၂၆ တွင် မီးပုံးပျံလုပ်သည့် အဖွဲ့များကိုသည် ယမန်နှစ်ထက် ပိုပါဝင်လာသော်လည်း အဖွဲ့အချို့မှာ ဖိအားကြောင့် ပါဝင်မှုများရှိနေကြောင်း တောင်ကြီးမြို့ မီးပုံပျံ ဝင်ရောက်ယှဉ်ပြိုင်မည့် အသက် ၃၀အရွယ် လူငယ်တဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ခုက မီးပုံးပျံတွေပြင်ဆင်တာ ပြီးသင့်သလောက်ပြီးနေကြပါပြီ။ ဒီနှစ်ကတော့ ပါဝင်လာတဲ့အဖွဲ့တွေက များပါတယ်။စစ်တပ်ရဲ့ ဖိအားပေးမှုတွေကြောင့် ပါဝင်တာရှိသလို တချို့မီးပုံးပျံအဖွဲ့တွေကလည်း နားထားတာကြာလို့ ဒီနှစ်ပြန်လုပ်ပြီး ဝင်ပြိုင်တာလည်းရှိတယ်” ဟု တောင်ကြီးမြို့ခံ အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတွင် စီးပွားရေး တရိပ်ရိပ်ကျဆင်းလာပြီး၊ ကုန်စျေးနှုန်းများလည်း မြင့်တက်လာသည်။

ထို့ပြင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် သမ္မတရာထူးယူပြီး အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရက် ၁၀၀ စီမံကိန်းအနေဖြင့် နိုင်ငံခြားကုန်စည် တင်သွင်းခွင့်များကို ကန့်သတ်ပိတ်ပင်ခဲ့သည်။​

ထို့နောက် မြန်မာနိုင်ငံအတွင်း ကုန်စျေးနှုန်းများမြင့်တက်လာပြီး နိုင်ငံခြားထုတ်ကုန်များ ပြတ်လပ်သည့်အထိ ဖြစ်ခဲ့သည်။

“ဒီလို ကုန်စျေးနှုန်းတွေ မြင့်တက်၊ ကုန်ကြမ်းတွေ ရှားတော့ မီးပုံပျံလုပ်တဲ့သူက မလုပ်ချင်ကြဘူး။ လုပ်ချင်သူက နည်းတယ်။ ဒီနှစ် အစိုးရတက်လာတော့ တန်ဆောင်တိုင်ကို သျှမ်းပြည်အစိုးရကိုယ်တိုင် ဉီးစီးပြီးကျင်းပတာ၊ ဖိအားလည်း ရှိတယ်” ဟု ၎င်း အမျိုးသားက ဆိုပြန်သည်။

ထို့အပြင် တောင်ကြီးမြို့သို့ရောက်ရှိလာသည့် သျှမ်းပြည်မြောက်ပိုင်း နှင့် ကရင်နီပြည်စစ်ဘေးရှောင်များကို သျှမ်းပြည်အစိုးရအနေဖြင့် လက်ရှိအချိန်ထိ ကူညီစောင့်ရှောက်ပေးခြင်းမရှိသေးပ။

လက်ရှိ တန်ဆောင်တိုင်ပွဲတော်ရက် နီးကပ်လာချိန်တွင် တောင်ကြီးမြို့ရှိ ဟိုတယ်နှင့် တည်းခိုခန်းအားလုံးတွင် ကြိုတင်ဘွတ်ကင်ယူထားသူများပြားပြီး လက်ရှိတွင် အခန်းများ ပြည့်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းပြည် တောင်ကြီးမြို့တွင် နှစ်စဉ် တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပလေ့ရှိပြီး ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ်၊ ခရစ်နှစ် ၁၉၅၀ ပြည့်နှစ်မှစ မီးပုံးပျံပြိုင်ပွဲအဖြစ် စတင်ကျင်းပလာခဲ့ခြင်းဖြစ်သည်။

သျှမ်းသံတော်ဆင့်