သျှမ်းပြည် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုတွင် SSPP နှင့် TNLA အောက်ခြေတပ်သားများ စကားအခြေအတင်ဖြစ်ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။
စက်တင်ဘာလ ၂၆ ရက် ည ၈ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုရှိ မင်းကုန်းကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဘက်မှ ဘုန်းကြီးကန်တော့ပွဲနှင့် လူထုတွေ့ဆုံပွဲပြုလုပ်နေစဉ် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်သားများ ရောက်ရှိလာပြီး ဓာတ်ပုံနှင့်ဗီဒီယိုများ ရိုက်ကူးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
SSPP ဘက်မှ လူထုတွေ့ဆုံပွဲ ပြုလုပ်နေစဉ် ခွင့်ပြုချက်မရှိဘဲ မှတ်တမ်းယူခဲ့သည့် TNLA တပ်သားများကို SSPP လုံခြုံရေးတပ်သားများမှ တားမြစ်ခဲ့ပြီးနောက် နှစ်ဘက်အောက်ခြေတပ်သားများ စကားအခြေအတင်ဖြစ်ပွားပြီး သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ TNLA ဘက်မှ တပ်သားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“SSPP တာဝန်ရှိသူတွေ ဘုန်းကြီးကန်တော့ပွဲ လုပ်တဲ့နေရာမှာ TNLA ဘက်က စစ်သား ၇ ယောက်လောက် ရောက်လာပြီးတော့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ လာရိုက်တာကနေ အခြေအနေ ဆိုးသွားတာ။ အဲ့ကနေ အောက်ခြေတပ်သားအချင်းချင်း ဝိုင်းတားကြတာကနေ ပစ်ခတ်မှုအထိ ဖြစ်သွားတာ၊ TNLA ဘက်က ၂ ယောက်ကျပြီး အလောင်းပြန်ပေးလိုက်တယ်” ဟု ကျောက်မဲမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် SSPP နှင့် TNLA အောက်ခြေတပ်သားအကြား သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးမှုဖြစ်စဉ်ကို စုံစမ်းမေးမြန်းနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဖုန်းဟန်နှင့် TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးတို့ထံ သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
ယမန်နေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် SSPP နှင့် TNLA အကြား ဗဟိုအဆင့် ဆက်သွယ်ဖြေရှင်းနေကြောင်း သိရသော်လည်း မြေပြင်တွင် နှစ်ဘက်တပ်ဖွဲ့ စစ်ရေးတင်းမာမှု ရှိနေပြီး အပြန်အလှန် စစ်အင်အားဖြည့်တင်းနေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။
“ပြဿနာက စက်တင်ဘာလ ၂၀ ရက်လောက်ကတည်းက စဖြစ်ချင်နေတာ။ SSPP ရဲ့ ဒုစစ်ဦးစီးချုပ်က တပ်စစ်ဆေးရေးနဲ့ လူထုတွေ့ဆုံပွဲတွေ လာလုပ်တော့ TNLA ဘက်ကလည်း အပြင်ဘက်မှာ လိုက်စောင့်ကြည့်တာတွေ လုပ်တာရှိတယ်။ ကြားထဲမှာ ခံတုတ်ကျင်းတွေ တူးပြီးတော့ စစ်ပြင်နေသလို လုပ်တာမျိုးလည်း တွေ့နေရတယ်၊ နှစ်ဘက်လုံးကတော့ အင်အားထပ်ဖြည့်လာတာ” ဟု အသက် (၄၀) ကျော်အရွယ် ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံများနှင့် SSPP/SSA အုပ်ချုပ်ရေးဌာန၊ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံပြီး လုံခြုံရေး၊ ပညာရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း SSPP Info မှ စက်တင်ဘာလ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၆ နှစ်ဆန်းပိုင်း ဇန်နဝါရီလတွင်လည်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုထဲ SSPP နှင့် TNLA ကြား စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ပြီး ရွာသားများမှာ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ထိတ်လန့်ခဲ့ရသည်။
သျှမ်းသံတော်ဆင့်