ကျောက်တော်မြို့ လူစည်းကားသည့်နေရာကို စစ်တပ်ဗုံးကြဲမှုမှာ ဆေးကုသခံယူနေသူတစ်ဦး ထပ်မံသေဆုံးခဲ့သဖြင့် ယခုအခါ စုစုပေါင်း သေဆုံးသူ ၅၀ ဦးအထိ တိုးလာနေကြောင်း သိရသည်။
ထိုဗုံးကြဲမှုအတွင်း ဒဏ်ရာရရှိသူ ဦးရေမှာ လက်ရှိအချိန်ထိ ၅၈ ဦးအထိ စာရင်းရရှိထားပြီး ယင်းထဲမှ ဒဏ်အခြေအနေစိုးရိမ်ရသူ ၂၂ ဦး ဆေးကုသခံယူနေထဲမှ တစ်ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။
“နောက်ထပ် ဆေးကုသနေတဲ့လူတွေလည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်။ စိုးရိမ်ရတဲ့ထဲက ၂၂ ဦးမှာ တစ်ဦးထပ်သေဆုံးသွားတာ။ ၂၁ တစ်ယောက် ကျန်သေးတယ်။ အဲဒီ ၂၁ တစ်ယောက်လည်း အရမ်းအသည်းအသန်ဖြစ်နေတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
ဗုံးကြဲမှုကြောင့် သေဆုံးသူများမှာ စာအရင်းကောက်ယူထားနိုင်သော အရေအတွက်ဖြစ်ပြီး မီးလောင်ပြာကျဖြစ်သွားသည့် ရုပ်အလောင်းများလည်း ရှိနေသဖြင့် သေဆုံးသူအရေအတွက် အတိအကျကို စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပေ။
စက်တင်ဘာ ၂၈ ရက်၊ နေ့လည် ၁၂ နာရီကျော်တွင် ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတား အနီးဝန်းကျင်၊ အိန္ဒိယဈေးတို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့သည်။
ထိုဗုံးကြဲမှုကြောင့် အနယ်နယ်အရပ်ရပ်က ဈေးဝယ်သူများအပါအဝင် လူပေါင်းရာနှင့်ချီ သေဆုံးဒဏ်ရာရရှိခဲ့ပြီး ဘေးတွဲဆိုင်ကယ်၊ ကား၊ ဆိုင်ကယ်၊ တုတ်တုတ် (အိန္ဒိယသုံးဘီး) ယာဉ်အများ အပြားလည်း မီးလောင်ပျက်စီးခဲ့ရသည်။
စစ်တပ်၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဆိုသည်ထက် လူမျိုးတုံးသတ်ဖြတ်မှုတစ်ခုဖြစ်ကြောင်း ရခိုင်ပြည်သူများ၊ နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ အပြင်းအထန် ရှုတ်ချထားကြသည်။
“ဒီစစ်ကော်မရှင် (စစ်အုပ်စု) ကို ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်ကတစ်ဆင့် နိုင်ငံတကာတရားခုံရုံးအထိ ရောက်အောင်လုပ်ပေးစေချင်တယ်” ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။
ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားနှင့် အိန္ဒိယဈေးတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် အာဏာသိမ်းစစ်တပ်က တာဝန်ခံရမည်ဟု အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ယနေ့ စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်သည်။
အာရက္ခတပ်တော်က ကျောက်တော်မြို့က အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် တိုက်ရိုက်တာဝန်ရှိသူများနှင့် အဖွဲအစည်းတို့အား ထိရောက်သော လက်တုံ့ပြန်မှုများကို မနှေးမကြာ ပြုလုပ်သွားမည်ဟု ပြောထားသည်။
DMG