စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နံနက် ၄ နာရီခန့်က ရွာဟောင်းကျေးရွာ၌ ညအိပ်တပ်စွဲထားသော စစ်ကောင်စီတပ်အား ကောလင်း ပြည်သူ့ကာကွယ်ရေးတပ် KLPDF တပ်ရင်း ၂ နှင့် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နံနက် ၄ နာရီမှ ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲကြောင့် စစ်ကောင်စီတပ်ဘက်မှ ၇ ဦးကျဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရသွားကြောင်းနှင့် တော်လှန်ရေးဘက်မှ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း Kawlin Revolution KR ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဖြစ်ရပ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရွာဟောင်းကျေးရွာကို နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် မီးရှို့ခဲ့သောကြောင့် ကာကွယ်ရေးတပ်များနှင့် ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်များက ကြာအင်း၊ သဒွတ်ခုံရွာဘက်သို့ ထွက်ခွာသွားရာ ဝန်းသိုဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးခန့် ထပ်မံထိခိုက်ခဲ့ကြောင်းလည်း သိရသည်။
ကောလင်းဒေသသည် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွင် စစ်ကောင်စီအား လက်နက်ကိုင်တော်လှန်ခဲ့သော ကနဦးဒေသတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စစ်ကောင်စီတပ်များ ထိခိုက်မှု အများဆုံးဖြစ်ခဲ့သော မြို့နယ်တစ်ခုလည်း ဖြစ်သည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) – ပေးပို့သည်။