အပစ်ခတ်ရပ်စဲထားသည့် TNLA နှင့် စစ်အုပ်စုတို့သည် တရုတ်အကူအညီဖြင့် ဆွေးနွေးပွဲများ ဆက်တိုက်ရှိနေပြီး ယခုအခါ ဆွေးနွေးပွဲ တင်းမာမှုအခြေအနေသို့ ရောက်ရှိလာနေကြောင်း သုံးသပ်နေကြသည်။
စစ်အုပ်စုနှင့် တအာင်းတပ် (TNLA) တို့အကြား မေလ ၁၂ ရက်နှင့် ၁၃ ရက်တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ တွေ့ဆုံခဲ့စဉ် စစ်အုပ်စုက TNLA ထိန်းချုပ်ထားသည့် ရှမ်းမြောက်ဒေသက နောက်ထပ် မြို့နယ် ၄ ခုကို ပြန်ပေးရန် တောင်းဆိုခဲ့ကြောင်း ဆွေးနွေးမှုအခြေအနေကို သိထားသည့် ရှမ်းမြောက် သတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် TNLA ထိန်းချုပ်ထားသည့် နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံနှင့် နမ့်ခမ်းမြို့တို့ကို ပြန်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး TNLA ဖက်က ငြင်းဆိုခဲ့သဖြင့် သဘောတူညီမှု မရရှိခဲ့ဘဲ ဆွေးနွေးမှု ပျက်ပြားသွားခဲ့ ကြောင်း သိရသည်။
ဆွေးနွေးပွဲ အခြေအနေကို သိရှိထားသူ သတင်းရင်းမြစ်တစ်ဦးက “တရုတ်ရဲ့ ညှိနှိုင်းပေးမှုနဲ့ တွေ့ဆုံကြတာ။ အဲဒီမှာ စစ်တပ်က လက်ရှိ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေထဲက မြို့နယ် ၄ ခုကို စစ်တပ် အုပ်ချုပ်ရေးအောက် ပြန်ထည့်ပေးဖို့ တောင်းဆိုခဲ့တယ်။ TNLA ဖက်ကလည်း ငြင်းပယ်ခဲ့တာကြောင့် ဆွေးနွေးမှုက ဘာသဘောတူညီမှုမှ မရခဲ့ဘူး။ နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာတော့ မသိရသေးဘူး” ဟု ပြောသည်။
အဆိုပါ တွေ့ဆုံပွဲတွင် စစ်အုပ်စုဖက်က ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်တို့ ဦးဆောင်တက်ရောက်ခဲ့ပြီး၊ TNLA ဖက်ကလည်း အဆင့်မြင့် အရာရှိများ၊ တရုတ်ကိုယ်စားလှယ်အချို့လည်း တက်ရောက်ခဲ့ကြောင်း ဆိုသည်။
၂၀၂၅ ခုနှစ်အတွင်းကလည်း TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့ကို စစ်အုပ်စုက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကိုလည်း တရုတ်ဖိအားကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာတွင် စစ်တပ်ထံ ပြန်ပေးခဲ့ရခြင်းဖြစ်သည်။
TNLA သည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ရှမ်းမြောက်နှင့် မန္တလေးတိုင်းက မြို့နယ် ၁၂ ခုကို သိမ်းပိုက် ရရှိခဲ့သော်လည်း မြို့နယ် ၅ ခုအား စစ်တပ်ထံ ပြန်ပေးခဲ့ရပြီး ကွတ်ခိုင်မြို့အား MNDAA ထံ ပေးလိုက်ရသည်။
လက်ရှိတွင် TNLA ထိန်းချုပ်ထားသည့် မြို့နယ် ၆ ခုအနက်က မြို့နယ် ၄ ခုကို စစ်အုပ်စုက ပြန်လည်တောင်း နေသဖြင့် အကယ်၍ ပြန်ပေးရပါက ယခင်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် သတ်မှတ်ထားသည့် နမ့်ဆန်နှင့် မန်တုံမြို့နယ် ၂ ခုကိုသာ TNLA တို့ အုပ်ချုပ်ခွင့် ရတော့မည်ဖြစ်သည်။
လက်ရှိ စစ်အုပ်စု တောင်းနေသည့် မြို့ ၄ မြို့သည် TNLA အတွက် လိုက်လျော့ပေးနိုင်သည့် ပမာဏာထက် ကျော်လွန်နေသဖြင့် ရှမ်းမြောက်တွင် တစ်ဖန် စစ်ရေးတင်းမာမှုများ ရှိလာနိုင်သည်ဟုလည်း သုံးသပ်နေကြသည်။
ရှမ်းပြည်နယ် လားရှိုးမြို့က နိုင်ငံရေးအကဲခတ် အမျိုးသားတစ်ဦးက “စကမ ရဲ့ တောင်းဆိုချက်က အတော်လည်းကို ပြင်းထန်လွန်းတယ်။ သူတို့က နမ့်ဆန်နဲ့ မန်တုံလောက်ပဲ TNLA ကို ပေးချင်တဲ့သဘော။ အရင်ကလည်း ဒီကိစ္စကို တခါပြောပြီးပြီ။ အခုလည်း ထပ်တောင်းလာတာ။ TNLA ဖက်လည်း ပေးနိုင်တာလည်း ကျော်လွန်နေတော့ ဘယ်လိုရှိလာမလဲဆိုတာ မသိနိုင်သေးဘူး။ တစ်ဖန်ပဲ စစ်ရေးတင်းမာလာနိုင်မလားဆိုတာ စောင့်ကြည့်ရအုံးမယ်” ဟု ပြောသည်။
စစ်အုပ်စုနှင့် TNLA တို့အကြား တရုတ်နိုင်ငံတွင် တွေ့ဆုံမှုနှင့် ပတ်သတ်ပြီး အသေးစိတ်အခြေအနေကို သိနိုင်ရန် TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ DMG ဆက်သွယ်မေးမြန်ထားသော်လည်း အကြောင်းမပြန်သေးပေ။
အပစ်ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်များထံက စစ်အုပ်စုသည် သူတို့ ဆုံးရှုံးထားသည့် မြို့နယ်များကို ပြန်လည်တောင်းခံနေမှုများက အပစ်မရပ်သေးသည့် တော်လှန်ရေးအင်အားစုများနှင့် စစ်အုပ်စုကြား အပစ်ခတ်ရပ်စဲနိုင်ရေးကို ခက်ခဲစေနိုင်လိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။
DMG