မြန်မာစစ်အုပ်စုနှင့် ထရမ့်အစိုးရ ထိတွေ့ဆက်ဆံနေမှုအပေါ် အမေရိကန် အောက်လွှတ်တော်အမတ် ပြင်းပြင်းထန်ထန် ဝေဖန်

By MPM 27 နိုဝင်ဘာ, 2026 👁 51

စစ်အုပ်စုနှင့် အမေရိကန်အစိုးရတို့ ထိတွေ့ဆက်ဆံနေမှုအပေါ် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ အဆင့်မြင့်အဖွဲ့ဝင် Gregory W. Meeks က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

မြန်မာစစ်အုပ်စုတပ်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က စီရင်ချက်ချမှတ်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်တွင် ဝေဖန်လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ချမှတ်ခဲ့သည့် ICJ ၏ စီရင်ချက်သည် မြန်မာစစ်အုပ်စုတပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု ၂၀၂၂ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို နှင့် ထရမ့်အစိုးရအဖွဲ့သည် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ ရှင်းလင်းသည့် လမ်းညွှန်ချက်မရှိဘဲ မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေခြင်းမှာ ကိုယ်ကျင့်တရားအရ ရှုတ်ချဖွယ် ဖြစ်သကဲ့သို့ မဟာဗျူဟာအရလည်း အရည်အချင်း မပြည့်မီဘဲ အမေရိကန်ဥပဒေနှင့် ကိုက်ညီမှု မရှိကြောင်း Gregory W. Meeks က ထောက်ပြသည်။

ထို့ပြင် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများကို မည်သို့ လျှော့ချနိုင်မည်နည်းနှင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို မည်သို့ အဆုံးသတ်နိုင်မည်နည်းဆိုသည့် မဟာဗျူဟာ တစုံတရာကို ဝန်ကြီး ရူဘီယို အနေဖြင့် ချပြနိုင်ခြင်း မရှိကြောင်းလည်း ဝေဖန်ထားသည်။

တချိန်တည်းမှာပင် ထရမ့်အစိုးရအဖွဲ့သည် BURMA Act ဥပဒေအရ လိုအပ်သည့် ပိတ်ဆို့အရေးယူမှုများနှင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများကို ပံ့ပိုးပေးမည့် အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

အစိုးရအဖွဲ့၏ မူဝါဒများသည် BURMA Act ဥပဒေနှင့် လုံးဝ ဆန့်ကျင်နေသည့်အတွက် ဥပဒေအား မည်သို့ လိုက်နာဆောင်ရွက်နေသည်ကို နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ အဖြေတောင်းခံသွားမည် ဖြစ်ကြောင်းလည်း Gregory W. Meeks က ပြောကြားထားသည်။

မဇ္ဈိမ