SCEF နှင့် မွန်တော်လှန်ရေးအင်အားစုများ သီးသန့်တွေ့ဆုံပြီး နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

By MPM 26 ဇူလိုင်, 2026 👁 64

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး SCEF နှင့် မွန်တော်လှန်ရေးအင်အားစုများကြား လက်ရှိ နိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုများနှင့်ပတ်သတ်ပြီး ဇူလိုင် ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှုတွင် မွန်ပြည်အတိုင်ပင်ကောင်စီ (MSCC)၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး – NMSP-AD၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) တို့ ပါဝင်ကြောင်း SCEF မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်အင်အားစုနှင့် တော်လှန်ရေးတပ်ပေါင်းစုများအကြား လက်ရှိ ပြောင်းလဲဖြစ်ပေါ်နေသော နိုင်ငံရေးစစ်ရေး အခင်းအကျင်းများကို အပြန်အလှန်သုံးသပ်ဆွေးနွေးဆွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်စဉ်အသီးအသီးကို တိုင်ပင်နိုင်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲအတွင်း SCEF အလှည့်ကျသဘာပတိ ခူဦးရယ်လ်နှင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး နိုင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းနှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စိုင်းတို့က အဓိက ပါဝင်ဆွေးနွေးခဲ့သည်။

အလားတူ ဇူလိုင်လ ၂၀ ရက်နေ့တွင်လည်း SCEF က နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ယခု သီးခြားတွေ့ဆုံများမှတစ်ဆင့် တော်လှန်ရေးနှင့် ဖက်ဒရယ်အင်အားစုများကြား မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာလာစေရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်းလည်း SCEF မှ ထုတ်ပြန်သည်။

IMNA