မင်းဘူးတွင် အသက် ၈ နှစ်အရွယ် ကလေးငယ် အသတ်ခံရ

By MPM 14 အောက်တိုဘာ, 2026 👁 47

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကူရွာတွင် နေထိုင်သည့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်တဦး ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါ ကလေးငယ်သည် အောက်တိုဘာ ၇ ရက်နေ့တွင် ပျောက်ဆုံးသွားပြီး ၎င်း၏ ရုပ်အလောင်းကို အောက်တိုဘာ ၁၂ ရက်နေ့တွင် ရွှေကြောင်းရွာအနီးရှိ ရေမြောင်းထဲတွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတဦးက ယနေ့ (အောက်တိုဘာ ၁၃) မဇ္ဈိမကို ပြောသည်။

အဆိုပါ ကိစ္စတွင် ကျူးလွန်သူအဖြစ် ယူဆ (စွပ်စွဲ) ခံထားရသူများဖြစ်သည့် သတ်လတ်ပိုင်းအရွယ် ဦးအောင်လင်းထွန်း နှင့် ၎င်း၏ ဇနီးဒေါ်အေးယုခိုင်တို့မှာ လက်ရှိတွင် ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။

“ဒီကလေးရဲ့ မိဘတွေက တောသူတောင်သားတွေဖြစ်တဲ့အတွက်ကို သူတို့တွေက ကလေးကို (ဖြူကုန်းရွာ) ကျောင်းကို စောစောပို့ခဲ့တယ်ပေါ့။ ၆ နာရီဝန်းကျင်လောက်မှာ ကျောင်းကိုပို့ခဲ့တယ်။ ၆ နာရီခွဲဝန်းကျင်လောက်မှာ ဒီဖြစ်စဉ်ဖြစ်သွားတယ်လို့ ကျွန်တော်တို့ သိရတယ်ပေါ့” ဟု ဒေသခံက ပြောသည်။

“ဒီကလေးပျောက်သွားတဲ့နေ့မှာပဲ အဲ့ဒီ ၆ နာရီခွဲဝန်းကျင်လောက်မှာ အောင်လင်းထွန်းနဲ့ အေးယုခိုင်တို့လင်မယားက သူတို့ရဲ့ မွေးထားတဲ့သားလေးတယောက်နဲ့အတူတူ ဆိုင်ကယ်နဲ့ ထွက်သွားတယ်။ ထွက်သွားတဲ့အချိန်မှာ အဲ့ဒီဆာလာအိတ်အဖြူရောင်ကြီးကို ဒီရှေ့ခွကြားမှာ ချထားပြီး ဆန်ဝယ်ဆိုပြီးတော့မှ ထွက်သွားတယ်ပေါ့။ အဲ့ဒီ ခုနစ်ရက်နေ့ကတည်းက ထွက်သွားတာ ယနေ့အချိန်အထိ ဖြူကုန်းရွာကို ပြန်မလာတော့ဘူး” ဟု ဆိုသည်။

အဆိုပါ ကလေးငယ်၏ ရုပ်အလောင်းအား ဆာလာအိတ်အဖြူရောင်အတွင်း လက်များ ကြိုးတုပ်ခံထားရခြင်း၊ ပါးစပ်ထဲသို့ အဝတ်စများထိုးထည့်ခံထားရခြင်း၊ ရွှေနားကပ်များ ချွတ်ယူခံထားရခြင်း စသည့်အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ကျူးလွန်သူအဖြစ် ယူဆခံထားရသူ ဇနီးမောင်နှံနှစ်ဦးမှာ ဖြူကုန်းရွာစာသင်ကျောင်းအနီးတွင် နေထိုင်သူများဖြစ်ပြီး ၎င်းတို့၏ ကလေးနှင့် သတ်ဖြတ်ခံရသည့် ကလေးတို့မှာ ကစားဖော်ကစားဖက်များဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် အမျိုးသားဖြစ်သူ ဦးအောင်လင်းထွန်းမှာ စစ်အုပ်စုထံ စစ်မှုထမ်းစုဆောင်းခံရပြီးနောက် ထွက်ပြေးလာသူဖြစ်ပြီး မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းထံ ခိုလှုံနေခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ထို့ကြောင့် မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းထံ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်ရင်းအနေဖြင့် “အထူးအလေးအနက်ထား” ကိုင်တွယ်နေကြောင်း တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြန်လည်ဖြေကြားသည်။

“တပ်ရင်းက ထောက်လှမ်းရေးမှူးအပါ အရာရှိနှစ်ဦး ဦးဆောင်ပြီး ဒီကိစ္စမှာ ကျူးလွန်သူတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်။ ကျူးလွန်သူလို့ ယူဆရသူတွေဟာ ပြည်သူ့စစ်မှုထမ်း (ပစ) ဖြစ်ပါတယ်။ နယ်မြေထဲမှာ ခေတ္တနေထိုင်ခွင့်ပြုထားသူပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ယင်းဖြစ်စဉ်တွင် သတ်ဖြတ်ခံရသည့် အသက်ရှစ်နှစ်အရွယ် ကလေးငယ်သည် ဖြူကုန်းရွာစာသင်ကျောင်းတွင် ဒုတိယတန်းတက်ရောက်နေသူဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ