KNU က ခလယ်ဒေးစခန်းကို သိမ်းဆည်းရမိပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်

By MPM 26 မတ်, 2025 👁 4

KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇)၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ စစ်ကောင်စီ၏ (ခြေမြန်တပ်ရင်း) ခမရ-၁၀၈၊ ခလယ်ဒေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် သိမ်းဆည်းရမိပြီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်သည်။

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ခလယ်ဒေးစစ်ကောင်စီတပ်စခန်းအား KNLA ပူးပေါင်းတပ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးအား သေဆုံးလျက်တွေ့ရှိခဲ့ရ၍ နယ်မြေရှင်းလင်းရေး လိုက်လံလုပ်ဆောင်လျက်ရှိကြောင်းလည်း KNU က ထုတ်ပြန်ဖော်ပြသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်ရှိသည့် အဆိုပါစခန်းအား KNLA ပူးပေါင်းတပ်က တက်သိမ်းစဥ်စခန်းမှ တပ်ရင်းမှူး ၂ ဦးနှင့် တပ်ခွဲမှူး ၁ ဦးအပါအဝင် ထွက်ပြေးလွတ်မြောက်သွားသူများရှိသည်ဟု KNLA တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးကြီးစောဒိကွယ်ထူးက ပြောသည်။

“သေတာ ၂ ယောက်ထိတာ ၂ ယောက် ရိုးရိုးတပ်သားတွေပဲ။ စခန်းမှာက စုစုပေါင်း ၂၀ ကျော်ရှိတာ။ သူများတက်သိမ်းတော့ ထွက်ပြေးသွားတာရှိသေးတယ်။ အဲဒီထဲမှာ တပ်ရင်းမှူး ၂ ယောက်နဲ့ တပ်ခွဲမှူး ၁ ယောက်ပါတယ်။ ဘယ်ပြေးသွားလဲတော့ မသိဘူး။ လိုက်ရှာနေတုန်းပဲ” ဟု တပ်မဟာမှူးက ပြောသည်။

KNLA တပ်မဟာ (၇) လက်အောက်ခံ တပ်ရင်း ၁၉၊ တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၄ နှင့် တပ်မဟာ စစ်ကြောင်းတို့မှ ပူးပေါင်း၍ ခလယ်ဒေးစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟုလည်း KNU ထုတ်ပြန်ချက်က ဆိုသည်။

KNLA နှင့် နီးစပ်သူတစ်ဦးက “မနေ့ (မတ် ၂၅ ရက်) က ညနေပိုင်းမှာ စခန်းကို ရလိုက်တယ်။ KNU အလံထောင်ပြီးတော့ မီးရှို့ဖျက်ဆီးခဲ့ပြီးပြီ။ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေလည်း ရလိုက်တယ်။ ဒါပေမဲ့ စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေရှိလို့ ညကတစ်ညလုံး နယ်မြေရှင်းလင်းရေးလိုက်လုပ်နေတယ်” ဟု ပြောသည်။

စခန်းသိမ်းတိုက်ပွဲပြုလုပ်နေစဥ် မတ်လ ၂၄ ရက်နေ့ မနက်ပိုင်းနှင့်နေ့လည်ပိုင်းတလျှောက် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် မတ် ၂၅ ရက်နေ့တွင် KNLA ဘက်က စခန်းတက်သိမ်းချိန် လေကြောင်းပစ်ကူမရှိတော့ဘဲ လက်နက်ကြီးငယ်သံများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်ဟုလည်း မြေပြင်တွင်ရှိနေသည့် သတင်းရင်းမြစ်က ပြောသည်။

၁၉၈၉ ခုနှစ်မှစ၍ နှစ်ပေါင်း ၃၀ ကျော်ကြာ ထိုင်း-မြန်မာနယ်စပ် KNU နယ်မြေတွင် နယ်စပ်ဒေသထိန်းချုပ်ရေးရည်ရွယ်၍ လာရောက်အခြေချနေသော ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံများ လှုပ်ရှားသွားလာနေထိုင်ရေး အကန့်အသတ်ရှိခဲ့သည်ဟုလည်း KNU ၏ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

ထို့အပြင် စခန်းရှိရာတဝိုက်သို့ စစ်ကောင်စီဘက်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးအများအပြား ကြဲချပစ်ကူပေးခဲ့ခြင်းနှင့် စခန်းသိမ်းတိုက်ပွဲကြောင့် ဒေသခံများမှာ ထိုင်းနိုင်ငံဘက်ကမ်းသို့ ထွက်ပြေးကြရပြီး ယနေ့အထိ နေရပ်မပြန်နိုင်သေးကြောင်း မျက်မြင်သိရှိရပါသည်။

KIC ပေးပို့သည်။