စစ်အုပ်စုလက်အောက်ခံ ဖာပွန် ခလရ (၁၉) တပ်ရင်းမှူးကို စစ်မှုထမ်းတပ်သားသစ်များက လုပ်ကြံခဲ့ဟုဆို

By MPM 29 ဇွန်, 2026 👁

စစ်အုပ်စုတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား စစ်ရေးအခြေအနေများ တင်းမာနေသည့် ဖာပွန်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုစစ်ကြောင်းမှ တပ်ရင်းမှူးကို ပေါ်တာဆွဲခံလိုက်ရသည့် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များက လုပ်ကြံလိုက်ကြောင်း သိရသည်။

ကမမောင်းမြို့ဘက်မှတဆင့် စစ်ကြောင်းထိုးလာသည့် ထိုစစ်အုပ်စုစစ်ကြောင်းကို ခြေလျင်တပ်ရင်း ခလရ (၁၉) တပ်ရင်းမှူးအဖြစ် တာဝန်ယူသည့် ဗိုလ်မှူးကျော်မင်းသန့်က ဦးဆောင်လာခဲ့ခြင်းဖြစ်ပြီး ထိုတပ်ရင်းမှူးကို ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များက ဇွန်လ ၂၁ ရက်နေ့၌ လုပ်ကြံလိုက်ခြင်းဖြစ်သည်။

တပ်ရင်းမှူးအား လုပ်ကြံသတ်ဖြတ်ရာတွင် ဦးဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း တပ်သားသစ်နှင့် KNLA ပြုလုပ်ထားသည့် အမေးအဖြေရုပ်သံအရ ထိုတပ်ရင်းမှူးကို စစ်ကြောင်းစတင်ထွက်လာသည့် ကမမောင်းကတည်းက လုပ်ကြံရန် ကြံစည်နေခြင်းဖြစ်ပြီး ယုံကြည်မှုကိုရယူ၍ ဘော်ဒီဂတ် (သက်တော်စောင့်) အဖြစ် တာဝန်ပေးခံရပြီးနောက် အခြားသော ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များနှင့်အတူ စည်းလုံးခြင်းဖြင့် တပ်ရင်းမှူးကို လုပ်ကြံနိုင်ခဲ့ခြင်းဟု သိရသည်။

“ကျွန်တော်စိုးရိမ်တာက ကျွန်တော်နဲ့အတူလိုက်မယ့် ညီအစ်ကိုတွေကို ပြန်မိမှာကိုပေါ့၊ ကျွန်တော့်အတွက်ကတော့ ကျွန်တော် အရမ်းကြီး မစိုးရိမ်ဘူး။ ကျွန်တော့်မှာ သေနတ်ရှိတယ်။ ကျည်လည်းအပြည့်ပဲဆိုတော့ ဒီကောင်တွေတက်လာတာနဲ့ ဒီတပ်ရင်းမှူးကို သတ်နေတဲ့အချိန်မှာ အထုပ်အပိုးတွေနဲ့ ပြင်ဆင်နေတဲ့အချိန်မှာ သူတို့တက်လာရင် ကျွန်တော် ပစ်ဖို့က အဆင်သင့်ပဲ။ သေမှာလည်း ကျွန်တော် မကြေောက်တော့ဘူး။ အဓိက ကျွန်တော် လွတ်မြောက်ချင်တာ။ အဲ့ဒီစိတ်နဲ့ပဲ ကျွန်တော် ကြိုးစားလိုက်တာ အဆင်ပြေသွားတယ်” ဟု ပြောသည်။

ထို့နောက် ထိုလူငယ်မှာ ဇွန်လ တတိယအပတ်အတွင်း အခြားပြည်သူ့စစ်မှုထမ်းများအပါအဝင် စုစုပေါင်း ၂၃ ယောက် KNLA ထံသို့ လာရောက်ပူပေါင်းခဲ့ကြောင်း သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

၎င်းနှင့်အတူ လာရောက်ပူးပေါင်းသည့်အနက် တပ်အတွင်းမှ ထွက်ပြေးရာမှ ပြန်ဖမ်းမိထားပြီး သေဒဏ်ပေးခံထားရသည့် စစ်မှုထမ်း အဓမ္မစုဆောင်းခံရသည့် လူငယ်အချို့လည်းပါဝင်ကြောင်း သိရသည်။

တပ်ရင်းမှူးအား လုပ်ကြံသတ်ဖြတ်ရာတွင် ဦးဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်သည် ပဲခူးတိုင်းမှဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ တလပိုင်း ၁၃ ရက်နေ့တွင် စစ်အုပ်စုတပ်၏ နေအိမ်အတွင်းထိ ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးခြင်း ခံခဲ့ရသူဖြစ်ကာ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂၁) ကို တက်ရောက်ခဲ့သူဖြစ်သည်။

စစ်အုပ်စုတပ်၏ တပ်အတွင်း၌ သန္ဓေရဲဘော် (ယခင်ကတည်းက ရှိနေသည့် စစ်အုပ်စုတပ်သားများ) အင်အားမှာ အင်မတန်နည်းသည့်အနေအထားတွင်ရှိပြီး စစ်မှုထမ်းဆင့်ခေါ်ခြင်း၊ ပေါ်တာဆွဲခြင်းဖြင့်သာ စစ်အုပ်စုက အင်အားစုစည်းနေရခြင်းဟု ထိုအလင်းဝင်သူက ဆိုသည်။

“လူငယ်တွေကို စိတ်ဓါတ်ပိုင်း အဓိက ရိုက်သွင်းတာ၊ ဒီသူပုန်တွေကို မင်းတို့မှမတိုက်ရင် ငါတို့မနိုင်ဘူးပေါ့၊ သူတို့ အဲ့လိုပဲပြောပါတယ်။ အဲ့ဒီလိုမျိုးတွေ အဓီကထားပြောတာပေါ့” ဟု တပ်ရင်းမှူးအား လုပ်ကြံသတ်ဖြတ်ရာတွင် ဦးဆောင်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်က ပြောသည်။

ထပ်မံ၍ ၎င်းက စစ်အုပ်စုတပ်အတွင်း ကျန်ရှိနေသည့် စစ်မှုထမ်း ဖမ်းဆီးခံထားရသူ လူငယ်ညီအစ်ကိုများအနေဖြင့် ၎င်းတို့ကဲ့သို့သော အပြုအမူများကို အခွင့်အရေးရယူ ပြုလုပ်ကြပြီး တော်လှန်ရေးဘက်သို့ ပူးပေါင်းကြရန်လည်း တိုက်တွန်းပြောကြားသည်။

ထို့ပြင် ၎င်းနှင့် KNLA အမေးအဖြေ ပြုလုပ်သည့် ရုပ်သံတွင် “(စစ်အုပ်စုတပ်ဘက်က ဆက်ဆံပုံနဲ့ တော်လှန်ရေးဘက်က ဆက်ဆံပုံ) အရမ်းကွာခြားတယ်။ ကျွန်တော်တို့နဲ့ ဒီတော်လှန်ရေးရဲဘော်တွေနဲ့ တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုတာ။ အဲ့ဒီကနေ လွတ်လာတဲ့အချိန်မှာ အမြဲတမ်း ကျွန်တော့်မျက်နှာက ပြုံးနေတာပေါ့။ စိတ်ချမ်းသာသွားလို့” ဟု ပြောကြားခဲ့သည်။

တော်လှန်ရေးအင်အားစုပူးပေါင်းတပ်မှ တာဝန်ရှိသူတဦး၏ ပြောကြားချက်အရ လက်ရှိ ဖာပွန် ဗျူဟာမကျရေးနှင့် လက်လွှတ်ထားရသည့် တပ်စခန်းများနှင့် မြို့ကိုပြန်ရရေး စစ်ကြောင်းထိုး၊ ထိုးစစ်ဆင်နေသည့် စစ်အုပ်စုတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုတပ်က ထိုထိုးစစ်များမှသည် မြို့အား ပြန်သိမ်းပြီး တပ်များအား ပြန်လည်တပ်ဆင်ရန် စစ်ကြောင်းပြင်ဆင်ချီတက်လာခြင်းဟု သိရသည်။

လက်ရှိ ဖာပွန်မြို့နယ်၌ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များ၏ ကာကင်းစခန်းတခုအား စစ်အုပ်စုတပ်က ကျော်လာသော်ငြား စခန်းကိုပြန်ရရေး ဝေးနေဆဲဖြစ်ကြောင်း ဆိုသည်။

မဇ္ဈိမ