KIA နှင့် TNLA ကြား သတ္တုရိုင်းကိစ္စ ပဋိပက္ခဖြစ်၊ နမ္မတူလမ်းပိတ်ဟု အပြန်အလှန် အပြစ်တင်လွှဲချ

By MPM 11 ဇွန်, 2024 👁

သျှမ်းပြည်၊ နမ္မတူမြို့နယ်တွင် အများပြည်သူအသုံးပြုသည့်လမ်းမပေါ် ကချင်လွတ်လပ်ရေးတပ် (KIA) တပ်ဖွဲ့က မြေတူး ဖြတ်တောက်ပြီး သံဆူးချွန်မြှုပ်ထားကြောင်း TNLA တပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို KIA က ငြင်းဆိုလိုက်သည်။

ဇွန်လ ၇ ရက်နေ့မှ စ၍ နမ္မတူမြို့နယ် မိုင်းဘော်နှင့် အွယ်လောကျေးရွာ အကြားရှိ အများပြည်သူ အသုံးပြုသည့် လမ်းပိုင်းတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ လမ်းမကြီးကို မြောင်းဖောက် ဖြတ်တောက်သည့်အပြင် ရွှံ့နွံထဲ၌ သံဆူးချွန်များ စိုက်ထားကြောင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းနှင့် ပြန်ကြားရေးဌာနက ဇွန်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ KIA တပ်ဖွဲ့မှ ပြည်သူလူထုသွားလာသည့် လမ်းမပေါ် လုပ်ဆောင်ထားခြင်းမဟုတ်ဘဲ TNLA နှင့် KIA ကြား ပြဿနာဖြစ်နေသည့် သတ္တုရိုင်းများကို သယ်ဆောင်သွားသည့် ကားလမ်းပေါ်တွင်သာ လမ်းကြောင်းဖြတ်တောက်ထားခြင်းဖြစ်သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ပြောဆိုလိုက်သည်။

ဗိုလ်မှူးကြီးနော်ဘူက “သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ကျနော်မေးပါတယ်။ မေးတော့ ပြည်သူလူထုသွားတဲ့လမ်းကြောင်းမှာ ကျနော်တို့ ဖြတ်ထားတာ မရှိဘူး။ နောက် ကားတာယာတွေကို ဖျက်ဆီးတဲ့ကိရိယာတွေလည်း ထောင်ထားတာ မရှိဘူးလို့ ပြောပါတယ်။ သူတို့လုပ်တာကတော့ အဲ့ဘက်မှာ သတ္တုရိုင်း တူးဖော်တဲ့နေရာ ရှိတယ်လို့တော့ ပြောတယ်” ဟု ပြောသည်။

နမ္မတူမြို့နယ်အတွင်း TNLA နှင့် KIA ကြား သတ္တုတူးဖော်ရာတွင် ပြဿနာဖြစ်နေပြီး KIA က တူးဖော်ပြီး ပုံထားသည့် သတ္တုရိုင်းများကို TNLA ဘက်မှ သယ်ယူသွားရာ ယင်းလမ်းကြောင်းကိုသာ ဖြတ်တောက်ထားခြင်း ဖြစ်ပြီး ပြည်သူလူထု တကယ်သွားလာသည့် လမ်းမဘက်တွင် မလုပ်ထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောဆိုသည်။

“ဒီသတ္တုရိုင်းတွေကိုတော့ KIO/KIA ကနေ နှစ်ပေါင်းများစွာ တူးဖော်ပြီးမှ မထုတ်သယ်သွားနိုင်တဲ့ သတ္တုရိုင်းတွေ အများကြီး ပုံထားတယ်။ အဲ့ဒါကို TNLA ဘက်က သူတို့ယူသွားတာပေါ့။ သယ်သွားတယ်လို့ ပြောကြတယ်။ ဒါကြောင့် အဲ့ဒီလမ်းကြောဘက်မှာ သူတို့တွေက ကားလမ်းတွေကို ဖြတ်တောက်သွားတာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ပြည်သူလူထုတွေ သွားလာတဲ့ တကယ့်လမ်းမဘက်မှာ ဘာမှမလုပ်ဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပါသည်။

သို့သော် TNLA တပ်ဖွဲ့၏ ဇွန်လ ၁၀ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် နမ္မတူမြို့နယ်ရှိ မြန်မာ – တရုတ် ရေနံပိုက်လိုင်းတလျှောက် အများပြည်သူအသုံးပြုသည့် လမ်းပိုင်းကို KIA အဖွဲ့က ဖြတ်တောက်ထားပြီး ၎င်းလမ်းသည် နမ္မတူ – မိုင်းဘော် – မိုင်းဝီး – နမ့်ခမ်း အထိ ဒေသတွင်းပြည်သူလူထုအတွက် အရေးပါသည့် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ကြောင်း ဆိုထားသည်။

နမ္မတူမြို့နယ်ရှိ KIA သွားလာလှုပ်ရှားသည့် မိုင်းဘော်နယ်ထဲတွင် ယခင်ကတည်းက သွားလာသည့် အရပ်သား ပြည်သူများကို မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ဒီဟာက KIA တပ်ဖွဲ့က အရပ်သားလူထုတွေ၊ ဒေသခံပြည်သူလူထုတွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြီးမှ လမ်းဖြတ်တောက်တာ၊ လူထုတွေ သွားလာလို့မရအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ KIA ဘက်က လမ်းတွေ ဖြတ်တောက်တာ၊ သံချောင်းဆူးတွေ စိုက်ထားတာက ဒေသခံတွေ သွားလာလို့မရအောင်၊ ခရီးသွားလာမှု ကြန့်ကြာအောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု TNLA တပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးဌာနမှူးက ပြောဆိုသည်။

ထို့အပြင် မန်တုံ၊ နမ္မတူနှင့် ကွတ်ခိုင် မြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ် KIA နှင့် တအာင်း (ပလောင်) တပ်ဖွဲ့ TNLA တို့ အကြား အောက်ခြေတပ်ဖွဲ့ဝင်များ မကြာခဏ ပွတ်တိုက်မှု ဖြစ်ပွားလျက်ရှိပြီး နှစ်ဘက်အဖွဲ့အစည်း၏ ပြဿနာမှာ ထိန်းသိမ်းရန် ခက်ခဲသည့်အခြေအနေသို့ ရောက်ရှိလာခြင်းကြောင့် FPNCC မှ ကြားဝင်ဖြေရှင်းပေးရန် TNLA တပ်ဖွဲ့က မေလ ၃၁ ရက်တွင် စာပေးပို့ထားကြောင်း သိရသည်။

လတ်တလောတွင် မန်တုံနှင့် နမ္မတူမြို့နယ်အစပ် မိုင်းဘော် – အွယ်လော ကျေးရွာအကြားရှိ ဘော်ဟိုကျန့် သတ္တုတွင်းလုပ်ငန်းတွင် TNLA ၏ စီမံခန့်ခွဲမှုကို KIA မှ လုပ်ငန်းရှေ့ဆက် မလုပ်နိုင်အောင် အမျိုးမျိုးနှောင့်ယှက် ပိတ်ဆို့နေကြောင်းလည်း ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သို့ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

“အဲ့ဒီစာနဲ့ ပတ်သက်လို့ ကျနော်တို့သတင်းဌာနကို ကြားသိရတာ မရှိဘူး။ အထက်က လူကြီးတွေလည်း ညွှန်ကြားတာ မရှိသေးဘူး။ သဘောကတော့ FPNCC ခေါင်းဆောင်အနေနဲ့ ညှိနှိုင်းပြီလား၊ အကြောင်းကြားပြီလား ဆိုတာ ကျနော်တို့ ဘာမှမကြားသိရပါဘူး။ စာကတော့ တွေ့ရပါတယ်။ အခုထက်ထိ ကျနော်တို့ကို အကြောင်းကြားတာတွေ၊ ညွှန်ကြားတာတွေ ဘာမှမရှိသေးဘူး” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကွတ်ခိုင်မြို့ရှိ TNLA အုပ်ချုပ်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးတပ် KIA ၏ ဆက်ဆံရေးရုံးကို လာရောက်တွေ့ဆုံပြီး ထွက်ခွာသွားရန် ပြောဆိုခဲ့ရာ ယင်းကိစ္စမှာ လူကြီးပိုင်းမဟုတ်ဘဲ မြေပြင် အရာရှိငယ် ပြောဆိုချက်ပဲဖြစ်တယ်ဆိုပြီးမှ နှစ်ဘက်တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးပြီး ပြန်အဆင်ပြေခဲ့ကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။