စစ်တပ်နှင့် ငြိမ်းချမ်းရေး မပျက်ဘဲရှိနေသည်ကို KNU/KNLA-PC ဂုဏ်ယူနေ

By MPM 8 ဇူလိုင်, 2026 👁 43

စစ်တပ်နှင့် ငြိမ်းချမ်းရေးမပျက်ဘဲ ပုံမှန်ရှိနေသည်ကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) က ထုတ်ပြောလိုက်သည်။

အာဏာသိမ်းစစ်တပ်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ (NSPNC) နှင့် KNU/ KNLA-PC တို့ ယမန်နေ့ (ဇူလိုင် ၆ ရက်) က နေပြည်တော်၌ တွေ့ဆုံစဉ် KNU/ KNLA-PC ဒုတိယဥက္ကဌ နော်ကပေါ်ထူးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးလမ်း ဆက်လက်လျှောက်လှမ်းနိုင်ဖို့ ဖိတ်ခေါ်မှုအတွက် ဝမ်းသာပြီး ငြိမ်းချမ်းရေး မပျက်သေးဘဲ ယနေ့ကဲ့သို့ အခွင့်အရေးရတဲ့အတွက် များစွာဂုဏ်ယူတယ်” ဟု နော်ကပေါ်ထူးက ပြောသည်။

ထို့အပြင် ရိုးသားဖြူစင်စွာဖြင့် ငြိမ်းချမ်းရေးကို ဆောင်ရွက်ပါက လွယ်ကူနိုင်မည်ဖြစ်ပြီး ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ကြောင်းလည်း နော်ကပေါ်ထူးက ပြောဆိုထားသည်။

အလားတူ NSPNC ၏ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း KNU/KNLA-PC အဖွဲ့သည် ၎င်းတို့နှင့် စဉ်ဆက်မပြတ် လက်တွဲနေသည့်အဖွဲ့ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့တွင် ပေါင်းစပ်ဆောင်ရွက်လိုကြောင်း ဆွေးနွေးပွဲတွင် ပြောခဲ့သည်။

KNU/KNLA-PC သည် လက်ရှိ စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ပွားနေသော ကရင်အမျိုးသားအစည်းအရုံး (KNU) ထံမှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်လာခဲ့သော အဖွဲ့ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၌ လက်မှတ်ရေးထိုးထားသော အဖွဲ့ဖြစ်လာခဲ့ပြီး အာဏာသိမ်းစစ်တပ်နှင့် တွေ့ဆုံဆွေးနွေးမှုများ တောက်လျှောက်ရှိနေသည့် အဖွဲ့လည်း ဖြစ်သည်။

“မြေခွေးနဲ့လင်းတ ပင်းနေကြတာလို့ပဲမြင်တယ်။ စစ်အုပ်စုက နိုင်ငံရေးအမြတ်ထုတ်တာကို ကရင်လူထုအကျိုးကို မျက်နှာလွှဲပြီး သူတို့ (KNU/KNLA-PC) က  မျက်နှာလိုမျက်နှာရ လုပ်နေတာလို့ပဲ ပြောချင်တယ်” ဟု KNU/KNLA-PC နှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်မှ ကရင်လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

KNU/KNLA-PC သည် ကရင်ပြည်နယ်ရှိ စစ်ရေးနှင့် ကုန်သွယ်ရေးအရ အရေးပါသော နယ်စပ်ဂိတ်လမ်းကြောင်းတချို့ကို စိုးမိုးထားသော်လည်း အင်အား ၂၀၀ ခန့်သာရှိပြီး ကရင်လူထု၏ ထောက်ခံမှုနည်းကြောင်း ကရင်အရပ်ဘက်အဖွဲ့အစည်းများထံမှ သိရသည်။

အခြားတစ်ဘက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကိုယ်တိုင်ခန့်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် ၎င်းတို့၏ နိုင်ငံရေးအကျပ်အတည်းများကို နိုင်ငံတကာမှ လက်ခံရန် KNU/KNLA-PC အပါအဝင် NCA တက်ရောက်နေသော အဖွဲ့အစည်းများကို အသုံးချ၍ အယောင်ဆောင်ငြိမ်းချမ်းရေး ဖန်တီးနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

“စစ်အုပ်စုက အခု မြို့နယ်တစ်ချို့ကို ပြန်ပြီးထိန်းချုပ်ထားနိုင်တယ်ဆိုပေမယ့် စစ်ရေးအရှိန် လျော့သွားတယ်လို့ ပြောလို့မရဘူး။ တစ်ဘက်မှာလည်း သူတို့က အာဏာသိမ်းထားတယ်။ ဆိုတော့ စစ်ရေး၊ နိုင်ငံရေးထွက်ပေါက်နဲ့ နိုင်ငံတကာကို ပြဖို့ အခုလို လက်နက်ကိုင်အဖွဲ့ငယ်တွေကိုခေါ်ပြီး ဟန်ပြဆွေးနွေးပွဲတွေ လုပ်ပြနေတာ” ဟု နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောသည်။

အခြားတစ်ဘက်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော NSPNC အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လအတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မိုင်းလားအဖွဲ့ (NDAA)၊ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့နှင့်လည်း တွေ့ဆုံမှုများရှိခဲ့သည်။

မြို့ပေါင်း ၁၀၀ ကျော်ကို တော်လှန်ရေးတပ်များထံ လက်လွှတ်ခဲ့ရသော အာဏာသိမ်းစစ်တပ်သည် ယခုအခါ နယ်မြေအချို့ကို ပြန်လည်စိုးမိုးလာမှုနှင့်အတူ တိုင်းရင်သားလက်ကိုင်အဖွဲ့များနှင့်ပါ တွေ့ဆုံမှုများ တောက်လျှောက် ကြိုးပမ်းလာနေခြင်းဖြစ်သည်။

လက်ရှိတွင် စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ထိန်းချုပ်နယ်မြေများကို လေကြောင်းတိုက်ခိုက်ကာ အကျပ်ကိုင်ခြိမ်းခြောက်မှုများ လုပ်နေသည်။

သို့သော်လည်း စစ်တပ်နှင့် အပစ်ရပ်အဖွဲ့များသာ တွေ့ဆုံမှုများရှိနေပြီး လက်ရှိ တိုက်ပွဲဖြစ်နေသည့် AA ၊ KIA ၊ KNU ၊ CNF ၊ ကရင်နီအပါဝင် NUG ၊ PDF များနှင့် တွေ့ဆုံဆွေးနွေးမှုများ လုံးဝ မရှိပေ။

DMG