ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နာယက စောစတီး၏ သား ဗိုလ်မှူးကြီးစောအဲ့လယ်ထူး ဦးဆောင်သည့် Deeko Park အွန်လိုင်းငွေလိမ်ခြံဝင်းထဲတွင် တရုတ်နိုင်ငံသားဦးရေ ၁,၀၀၀ ကျော် ပိတ်မိနေပြီး နေ့စဥ် နှိပ်စက်ညဥ်းပန်းခံနေရကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ DKBA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ဝေါလေမြို့အနီးရှိတွင် ထိုအွန်လိုင်းငွေလိမ်ခြံဝင်းရှိသည်။ ထိုခြံဝင်းအတွင်း လူများပိတ်မိနေပြီး ညဥ်းပန်းနှိပ်စက်ခံနေရမှုများကို တရုတ်နိုင်ငံသားတဦးက ဓာတ်ပုံနှင့်တကွ အကူအညီတောင်းခံနေသည်ကို တရုတ်လူမှုကွန်ရက် စာမျက်နှာများတွင် မြင်တွေ့ရသည်။
“မြဝတီတွင် တရုတ်လူမျိုး ၁,၀၀၀ ကျော် ပိတ်မိနေသည့် Wa Le Zheng Hei ကုမ္ပဏီ ခေါ်တဲ့ အပန်းဖြေစခန်းတခုရှိတယ်။ မူလက အမှတ် ၂၀ ဆိပ်ခံနယ်မြေမှ အပန်းဖြေစခန်းသို့ ပြောင်းရွှေ့ခဲ့တယ်။ ဝင်ပေါက်ကို စောင့်ပြီး ထွက်ခွင့်မပေးဘဲ စစ်သားတွေ အများကြီးရှိတယ်” ဟု ၎င်းက ဇန်နဝါရီလ ၁၁ရက်တွင် ရေးသားထားသည်။

ဓာတ်ပုံ – တရုတ်ဆိုရှယ်မီဒီယာတွင် တွေ့မြင်ခဲ့ရသည့် ဓါတ်ပုံနှင့် ဂြိုဟ်တုဓာတ်ပုံတွင် တွေ့မြင်ရသည့် Deeko Parkခြံဝင်းကို နှိုင်းယှဉ်ပြခြင်း
အလုပ်သမားများကို စည်းကမ်းမလိုက်နာခြင်း၊ ငွေလိမ်လုပ်ငန်းတွင် သတ်မှတ်ထားသည့် လုပ်ငန်းအောင်မြင်မှုမရှိပါက အမှောင်ခန်းအတွင်း ပိတ်လှောင်ခံရခြင်းနှင့် နှိပ်စက်မှုများပြုလုပ်နေကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှ လာရောက်ကယ်တင်ပေးရန် မျှော်လင့်ကြောင်း ထိုတရုတ်နိုင်ငံသားက ဆက်လက်ရေးသားထားသည်။
အဆိုပါစာထဲမှ အမှတ် (၂၀) ဆိပ်ခံနယ်မြေက အွန်လိုင်းငွေလိမ်ခြံဝင်းဆိုသည်မှာ မြဝတီမြို့ အမှတ် (၂) တံတားအနီး အမှတ် (၅) ရပ်ကွက် မြတ်လင်းအေးမြိုင်လမ်းရှိ Dingsheng Park/ OK Park ဆိုသည့် အဆောက်အဦဖြစ်သည်။
ထိုအဆောက်အဦထဲမှ ကျားဖြန့်လုပ်ငန်းသည် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် Deeko parkထဲသို့ ပြောင်းရွေ့သွားခြင်းဖြစ်သည်။
Dingsheng Park အဆောက်အဦကို ၂၀၁၈ ခုနှစ်မှ စတင်ဆောက်လုပ်ခဲ့ကြောင်း ဂြိုဟ်တုဓာတ်ပုံများ အရ သိရှိရသည်။
ပြီးခဲ့သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း KK-Park, ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့အတွင်းရှိ နေရာအချို့ကို စစ်ကော်မရှင်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF (ယခု KNA) တို့မှ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ခဲ့အပြီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူ အချို့သည် BGF နှင့် DKBA ထိန်းချုပ်ရာနေရာများသို့ ပြောင်းရွှေ့သွားခဲ့ကြသည်။
တရုတ်နိုင်ငံသားထံမှ ရရှိခဲ့သည့် ဓာတ်ပုံများကို မဇ္ဈိမက ဂြိုဟ်တုဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ ယင်းနေရာမှ လွတ်မြောက်လာသူများကို မေးမြန်းခြင်း၊ အတွင်းလူများ၏ ပေးပို့သော ဓာတ်ပုံ ဗီဒီယိုများနှင့် နှိုင်းယှဉ်ကြည့်ရှု့စစ်ဆေးကြည့်ရာတွင် တရုတ်နိုင်ငံသားတဦး ရေးသားထားသည့်နေရာသည် DKBA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် ဝေါလေမြို့အနီးရှိ Deeko Park အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းဖြစ်နေကြောင်း သိရှိခဲ့သည်။
ရရှိခဲ့သည့် ဓါတ်ပုံများနှင့် ဂြိုဟ်တုဓါတ်ပုံများတွင် အဆောက်အဦပုံများ၊ ရေကူးကန်ပုံ၊ ဘတ်စကပ်ဘောကွင်းနှင့် နောက်ခံ တောင်တန်းပုံများသည် တူညီနေကြောင်း တွေ့ရှိခဲ့ရသည်။
အဆိုပါ နေရာကို DKBA တပ်ဖွဲ့မှ နာယကဖြစ်သူ စောစတီး (ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး) ၏ သားက ၂၀၂၄ ခုနှစ်တွင် စတင်တည်ထောင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
မဇ္ဈိမမှ လက်ခံရရှိခဲ့သည့် ဗီဒီယိုတခုတွင် တရုတ်နိုင်ငံသားဟု ယူဆရသူများနှင့် နိုင်ငံခြားသားများကို နေပူထဲတွင် ပြေးခိုင်းခြင်း၊ နေပူလှန်းခြင်းတို့ကို တွေ့မြင်ခဲ့ရသည်။
၎င်းတို့ကို စေခိုင်းသူမှာ တရုတ်မာဖီယားဂိုဏ်းများဖြစ်ကြောင်း လွတ်မြောက်လာသူများက အတည်ပြုပြောကြားခဲ့သည်။
လွတ်မြောက်လာသူများ၏ ပြောကြားချက်များအရ ယင်းခြံဝင်းထဲတွင် တရုတ်နိုင်ငံသား အမျိုးသား သုံးဦး၊ အမျိုးသမီး တ ဦးနှင့် အာဖရိကလူမျိုး နှစ်ဦး သေဆုံးမှုရှိခဲ့ပြီး အလုပ်သမားအများစုမှာ လူကုန်ကူးခံရသူများဖြစ်ကြောင်း သိရှိခဲ့ရသည်။
သေဆုံးသူများနှင့်ပတ်သက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ – Deeko Park အွန်လိုင်းငွေလိမ်ခြံဝင်းအတွင်းရှိ လူကုန်ကူးခံထားရသောသူများကို နေပူလှန်းခြင်းနှင့် နေပူထဲတွင် ပြေးခိုင်းခြင်းတို့ကို တွေ့မြင်ရစဉ် (နိုင်ငံခြားသားတဦး ရိုက်ကူးပေးပို့လာသည့် ဗီဒီယိုကို screenshotရိုက်ထားခြင်း)
အဆိုပါ ခြံဝင်းအတွင်းမှ လူသေအလောင်းကို ကားဖြင့် သယ်ဆောင်သွားသည်ကို သုံးကြိမ်တွေ့ရှိခဲ့ဖူးကြောင်း DKBA တပ်ဖွဲ့ဝင်ဟောင်း နှစ်ဦးက မဇ္ဈိမကို အတည်ပြုပြောကြားခဲ့သည်။
ဝေါလေမြို့အနီးရှိ Deeko Park အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းသည် ထိုင်း−မြန်မာနယ်စပ် သောင်းရင်းမြစ်ဘေးတွင် ရှိသည်။ ဝေါလေမြို့ဘေးရှိ သောင်းရင်းမြစ်သည် အလွန်သေးငယ်သော ချောင်းသာသာနေရာဖြစ်ပြီး လမ်းလျှောက်သွားနိုင်သည့် နေရာဖြစ်သောကြောင့် နယ်စပ်စည်းမျဉ်းကို အလွယ်တကူဖြတ်ကျော်နိုင်ကြောင်း တွေ့မြင်ရသည်။
ပါကစ္စတန်နိုင်ငံသားတဦး Deeko Park အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းအတွင်း လူကုန်းကူးခံနေရပြီး အဓမ္မစေခိုင်းခံနေရသည့်အကြောင်းကို နှစ်ကြိမ်တိုင် မဇ္ဈိမ မြန်မာပိုင်းနှင့် အင်္ဂလိပ်ပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။
ထို့နောက် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် တွင် ယင်းခြံဝင်းမှ လူကုန်ကူးခံနေရသည့် နိုင်ငံခြားသားအချို့ လွတ်မြောက်ခဲ့သည်။
နိုင်ငံပေါင်းစုံမှ လူကုန်ကူးခံရသူ ၈၀ ဦး ပြန်လည်လွတ်မြောက်လာကာ ယင်းထဲက ပါကစ္စတန်နိုင်ငံသား သုံးဦး ပါဝင်ခဲ့သည်။ ထိုထဲတွင် မဇ္ဈိမက သတင်းစုံစမ်းမေးမြန်းခဲ့သူ၏ အကိုဖြစ်သူလည်း ပါဝင်သည်။
ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလတွင် DKBA တပ်ဖွဲ့မှ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံခြားသား ၂၆၁ ဦးကို ထိုင်း−မြန်မာနယ်စပ် ကျောက်ခတ်ကျေးရွာမှ တဆင့် ထိုင်းအစိုးရကို ပြန်လည်လွှဲပြောင်းပေးခဲ့သည်။
လွှတ်မြောက်လာသူများထဲတွင် ညဥ်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများ အများအပြားတွေ့မြင်ခဲ့ရပြီး အဓမ္မပြုကျင့်ခံခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြရေးသားခဲ့သည်။
ကျောက်ခတ်ဒေသ အနီးရှိ Taihe Park/Qingsong Parkအတွင်းရှိ Zongfa company တွင် လူကုန်ကူးခံထားရသူ ပါကစ္စတန်နိုင်ငံသားတဦးကို ပြောက်ကျားယူနီဖောင်းဝတ်ထားသည့် DKBA တပ်သားများက ကျဉ်စက်ဖြင့်တို့ခြင်း၊ ကန်ကျောက်ခြင်း စသည့် ညဥ်းပန်းနှိပ်စက်သည့် ဗီဒီယိုတခု ပေါ်ထွက်လာခဲ့ဖူးသည်။
နှိပ်စက်ခံရသူ ပါကစ္စတန်နိုင်ငံသားမှာ ပြန်လည်လွှတ်မြောက်လာခဲ့ပြီးနောက် ၎င်းကို နှိပ်စက်သူများသည် အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းရှိ လုံခြုံရေးဝန်ထမ်းများနှင့် DKBA တပ်ဖွဲ့ဝင်များမှ ပြုလုပ်ခဲ့ကြောင်း မဇ္ဈိမကို အတည်ပြုဖြေကြားခဲ့သည်။
Deeko parkသည် DKBA တပ်ဖွဲ့မှ နာယကဖြစ်သူ စောစတီး (ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး) ၏ သားဖြစ်သူ ဗိုလ်မှူးကြီးစောအဲ့လယ်ထူး ဦးစီးသည့် ခြံဝင်းဖြစ်ပြီး BGF အမှတ် (၄) စစ်ဒေသ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောမို့သိုလ် မိသားစုမှ ရှယ်ယာဝင်ထားသည့် နေရာဖြစ်ကြောင်း စုံစမ်းရရှိခဲ့သည်။
စုံစမ်းရရှိခဲ့သည့် အချက်လက်များထဲတွင် Deeko Park အွန်လိုင်းငွေလိမ်ခြံဝင်းကို HengSheng (5) အဖြစ်သတ်မှတ်ထားသည်။ ၎င်းနေရာသည် Heng Sheng Group Enterainment Complexနှင့် ဆက်နွှယ်နေပြီး ၎င်း၏ လက်အောက်တွင် Heng Sheng လုပ်ငန်းခွဲ ငါးခုရှိသည်။
Heng Sheng နေရာ ငါးနေရာအနက် သုံးနေရာသည် မြဝတီမြို့တွင်ရှိပြီး ကျန်နှစ်နေရာသည် DKBA ထိန်းချုပ်ရာ ဝေါလေမြို့တွင် တည်ရှိသည်။ မြဝတီမြို့ရှိ နေရာများတွင် ကာစီနိုရုံများကို အယောင်ပြလုပ်ကိုင်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်နေကြခြင်းဖြစ်သည်။
Heng Sheng (၁) သည် အမှတ် (၅) ရပ်ကွက် ပေါင်းစည်းမြိုင် (၄) လမ်း၊ Heng Sheng (၂) သည် အမှတ် (၅) ရပ်ကွက် မြစန္ဒီဂေါက်ကွင်းလမ်း၊ Heng Sheng (၄) သည် အမှတ် (၃) ရပ်ကွက် ကြံခင်းလမ်း အမှတ် (၁) နယ်စပ်ကမ်းကူးဂိတ်ဝင်းထဲတွင်ရှိသည်။
ယင်းနေရာ သုံးနေရာ၏ မြေပိုင်ရှင်မှာ ဗိုလ်မှူးကြီးစောမို့သိုလ်ဖြစ်ကာ လုပ်ငန်းအမည်ပေါက်သည် ၎င်း၏ သမီးကြီးဖြစ်သူ နော်ဝေမို့မို့လွင်ဖြစ်သည်။
ယင်းသုံးနေရာသည် တရုတ်နိုင်ငံသားနှင့် ရှယ်ယာလုပ်ကိုင်နေခြင်းဖြစ်ပြီး Heng Sheng (၁) ကို တပ်နယ် (၄) ဗိုလ်မှူးစိုကြည်နှင့် Heng Sheng (၂) ကို (၁၀၁၇)တပ်ရင်းမှ စောညထီးတို့မှ တာဝန်ခံဆောင်ရွက်နေသူဖြစ်သည်။
Heng Sheng (၄) ကို မည်သူက တာဝန်ခံဆောင်ရွက်နေခြင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
DKBAထိန်းချုပ်နယ်မြေ ဝေါလေမြို့ ထဲတွင် Heng Sheng (၃) ခေါ် Triumph Park ကို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝ၏ သားဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စောဘာဆိုဂေထူး (သေဆုံး) နှင့် Heng Sheng (၅) ခေါ် Deeko parkကို DKBA တပ်ဖွဲ့မှ နာယကဖြစ်သူ စောစတီး (ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး) ၏ သား မြဝတီမြို့ တောင်ဘက်ခြမ်း DKBA ထိန်းချုပ်နယ်မြေထဲတွင် ၂၀၂၄ ခုနှစ် မတိုင်ခင်က ကျောက်ခတ်ကျေးရွာတွင် နှစ်နေရာနှင့် ဝေါလေမြို့ထဲတွင် တနေရာသာ အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်း သုံးနေရာသာရှိသော်လည်း ၂၀၂၄ ခုနှစ်တွင် ၁၅ နေရာ ထပ်မံပေါ်ပေါက်လာခဲ့သည်။
မြဝတီမြို့ တောင်ဘက်ခြမ်း DKBA ထိန်းချုပ်နယ်မြေ အမှတ် (၁) စစ်ကွပ်ကဲရေး တပ်မဟာ (၁) အရှေ့ဒေါနရှိ DKBA အကာအကွယ်အောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်း ၁၈ ခု ရှိနေသည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး (OFAC) က အမေရိကန်နိုင်ငံသားများအား ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များဖြင့် လိမ်လည်သည့် မြန်မာနိုင်ငံရှိ ဆိုက်ဘာ လိမ်လည်မှုစင်တာများအား ထောက်ပံ့ကူညီပေးနေသည့်အတွက် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) ခေါင်းဆောင် လေးဦးဖြစ်သည့် DKBAနာယက စောစတီး (ယခင် စစ်ဦးစီးချုပ်) ၊ စစ်ရေးချုပ် ဗိုလ်မှူးချုပ် စောစိန်ဝင်း၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်နှင့် အမှတ် (၁) စစ်ကွပ်ကဲရေးမှူး ဗဟိုစီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုင်းကျော်လှတို့ကို စီးပွားရေးဒဏ်ခတ် ပိတ်ဆို့အရေးယူကြောင်း ထုတ်ပြန်ခဲ့သည်။
အလားတူ ကရင်နယ်ခြားစောင့်တပ် BGFတပ်နယ်၄ စစ်ဒေသမှူး ဗိုလ်မှူးချုပ် စောမို့သိုလ် (ခ) ဦးစောငွေလွင် ကို ဥရောပသမဂ္ဂ EU မှ အွန်လိုင်းလိမ်လည်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်း၊ နှိပ်စက်ညှဥ်းပန်းခြင်းနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို အကာအကွယ်ပေးပြီး အကျိုးခံစားခြင်းကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် စီးပွားရေးအရေးယူပိတ်ဆို့ထားသည်။
EU ၏ အရေးယူပိတ်ဆို့မှုတွင် ပိုင်ဆိုင်မှုချုပ်ကိုင်ခြင်း၊ EU နိုင်ငံများသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်း၊ EU လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများအနေဖြင့် စီးပွားရေးဆက်သွယ်မှုအားလုံးကို တားမြစ်ခြင်းတို့ ပါဝင်ပြီး၊ ထိုသို့အရေးယူခံထားရသူများနှင့် ကုမ္ပဏီများကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဆက်စပ်နေသည်ဟု သတ်မှတ်ထားခြင်းဖြစ်သည်။
သို့သော် အမေရိကန်၏ အရေးယူပိတ်ဆို့မှု စာရင်းထဲတွင် ဗိုလ်မှူးချုပ် စောမို့သိုလ်သည် ပါဝင်ခြင်း မရှိသေးပေ။
ဇန်နဝါရီလ ၁ ရက်နေ့တွင် စောချစ်သူဦးဆောင်သည့် BGF တပ်ဖွဲ့မှ ကရင်အမျိုးသားတပ်မတော် KNA တပ်ဖွဲ့အဖြစ် ပြောင်းလဲ ဖွဲ့စည်းချိန်တွင် ဗိုလ်မှူးချုပ် စောမို့သိုလ်သည် ပါဝင်လာခဲ့ခြင်းမရှိသေးကြောင်း သိရသည်။
မဇ္ဈိမ