ကျိုက်ထိုနှင့် ဘီးလင်း၌ လူငယ်အများအပြား ပေါ်တာဆွဲခံနေရ၊ စိတ်ကျန်းမာရေး မကောင်းသူများပါ ပါဝင်နေ

By MPM 18 အောက်တိုဘာ, 2026 👁 42

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့အတွင်း လမ်းသွားလမ်းလာ လူငယ်အများအပြား စစ်အုပ်စုတပ်များ၏ ပေါ်တာဆွဲဖမ်းဆီးခံနေရပြီး စိတ်ကျန်းမာရေး မကောင်းသူများပါ ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ထိုမြို့ခံတဦး၏ ပြောကြားချက်အရ ကျိုက်ထိုမြို့ပေါ်ရပ်ကွက်တခုမှ စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တဦးအပါအဝင် သုံးဦးကို ပြီးခဲ့သည့် အောက်တိုဘာလ ဒုတိယအပတ်အတွင်း ဖမ်းဆီးခဲ့သည်။

ထိုအနက် လူငယ်တဦး၏ အစ်မဖြစ်သူမှာ လက်ရှိ ကျိုက်ထိုမြို့နယ် လဝက ဝန်ထမ်းဖြစ်၍ ပိုက်ဆံဖြင့် ညှိနှိုင်းကာ ပြန်လွတ်လာခဲ့ကြောင်း သိရသည်။

ကျန်လူငယ်နှစ်ဦးမှာ လက်ရှိအထိ ပြည်သူ့စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံထားရပြီး တဦးမှာ စိတ်ကျန်းမာရေးဆေးရုံလက်မှတ် ရှိသော်လည်း ပြန်မလွှတ်ပေးသေးကြောင်း ဖြစ်စဉ်ကို သိရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း အောက်တိုဘာ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်သည့် ပွဲစျေးတော် ကာလအတွင်း၌လည်း ညဘက် ပွဲစျေးသွားရင်းမှ လူငယ်အချို့ ပျောက်ဆုံး၊ ပေါ်တာဆွဲခံရမှုများစွာ ရှိခဲ့သည်။ ထိုသို့ ဖမ်းဆီးပေါ်တာဆွဲခံရသူများတွင် ကျိုက်ထိုမြို့နယ်နှင့် ကပ်လျက်ရှိသည့် ဘီးလင်းမြို့နယ်အတွင်း ကျေးရွာများမှ လူငယ်များလည်းပါဝင်ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း၌မူ ကျေးရွာများဘက်မှ လူငယ်များ အပြင်ထွက်သွားလာရာမှ ပေါ်တာဆွဲခံရသည့် ဖြစ်စဉ်များ မကြာခဏဖြစ်ပွားနေပြီး ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ရမှုများရှိသည်ဟု ဆိုသည်။

“လွန်ခဲ့တဲ့ တလကျော်လောက်က ဝင်းက က နှစ်ယောက် ဖမ်းသွားတော့ ရွေးမရ တခါထဲ ပစ သင်တန်းထဲ ထည့်လိုက်တယ်ပြောတယ်။ ပြီးခဲ့တဲ့လက မရမ်းကုန်းက နှစ်ယောက်မှာ တယောက်က သိန်း ၇၀ နဲ့ ရွေးရပြီး ပြန်လွတ်တယ် ပြောတယ်။ မရွေးနိုင်တဲ့ တယောက်ကတော ပစထဲပါသွားတယ်လို့တော့ သိရတယ်” ဟု ဘီးလင်းမြို့နယ်ခံတဦးက ၎င်းသိရှိထားသည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြောပြသည်။

အခြား ဘီးလင်းသတင်းရင်းမြစ်တရပ်ကလည်း “အပြင်ထွက်သွားပြီး ညနေပိုင်းလောက်အထိ ပြန်မလာဘူးဆိုရင် လူကြီးအိမ်သာ သွားမေး၊ ရဲစခန်းသာ သွားတော့ပဲ။ သေချာပေါက် ပေါ်တာပဲ။ ဒီဘက်မှာ သိန်း ၃၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိတယ် ပြန်ရွေးဖို့” ဟု ဆိုသည်။

ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့မှသာမက နိုင်ငံတဝန်း တိုင်းနှင့်ပြည်နယ်အများစုတွင် လူငယ်လူရွယ်အများစုသည် စစ်အုပ်စုတပ်၏ ပြည်သူ့စစ်မှုထမ်းရန်အတွက် ရုံးမှတဆင့် ဆင့်ခေါ်ခံရမှုများသာမက ခရီးသွားစဉ်၊ အပြင်ထွက်စဉ် စသည့်အချိန်များတွင်လည်း ပေါ်တာဆွဲဖမ်းဆီးခံရမှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသည်။

စစ်မျက်နှာအသီးသီး၌ ရှုံးနိမ့်မှုများဖြင့် ရင်ဆိုင်နေရသည့် စစ်အုပ်စုတပ်က ပြည်တွင်းနေ လူငယ်၊ လူရွယ်များအား အချိန်မရွေး စစ်ထဲ ဆွဲသွင်းနိုင်ရေးအတွက်၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကစ၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်သားစုဆောင်းနေခြင်း ဖြစ်သည်။

လက်ရှိ စစ်အုပ်စုတပ်က ပြည်သူ့စစ်မှုထမ်းအပတ်စဉ် (၂၉) စတင်နေပြီဖြစ်သလို အပတ်စဉ် (၃၀) အတွက် စစ်သားစုဆောင်မှုများလည်း မြို့နယ်အလိုက် လုပ်ဆောင်လျက်ရှိနေကြသဖြင့် ပြည်တွင်းနေပြည်သူများမှာ လူငယ်၊ လူရွယ်များကိုပင် အပြင်လွှတ်ရမည်ကို စိုးရိမ်ပူပန်နေကြရကြောင်း သိရသည်။

ရှေ့တန်းများ၌ စစ်အုပ်စုတပ်က ပြည်သူ့စစ််မှုထမ်းအဖြစ် စစ်သားစုဆောင်းခံရသူများအား အသေခံစေ၍ အရှေ့မှတက်ခိုင်းခြင်းတို့ကြောင့် စစ်မျက်နှာအသီးသီး၌ ပြည်သူ့စစ်မှုထမ်းများ သေဆုံးမှုများနေသည်။

မဇ္ဈိမ