DKBA ထိန်းချုပ်နယ်မြေ မင်းလက်ပံမှ ကျားဖြန့်လုပ်သားများကို ထိုင်းက လက်မခံ၍ ၃၀၀ ဦးကျော် သောင်တင်

By MPM 28 နိုဝင်ဘာ, 2025 👁

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် − DKBA ထိန်းချုပ်၊ မင်းလက်ပံကျေးရွာ သောင်ရင်းမြစ်ဘေးရှိ အွန်လိုင်းငွေလိမ် ကျားဖြန်ရုံမှ နိုင်ငံခြားသား ၃၀၀ ဦးကို ဆိုင်ရာနိုင်ငံသို့ပြန်ရန် ထိုင်းဘက်ခြမ်းက လက်မခံ၍ သောင်ရင်းမြစ်ကမ်းဘေး၌ သောင်တင်နေသည်ဟု ဝန်ဝန်ရှိသူများက ပြောသည်။

အဆိုပါ နိုင်ငံခြားသား ကျားဖြန့်လုပ်သားများကို ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးက နိုဝင်ဘာ ၂၆ ရက်နေ့တွင် ခေါ်ထုတ်လာခြင်း ဖြစ်သည်။

၎င်းတို့ထဲတွင် တရုတ်နိုင်ငံသားများ အများဆုံးပါဝင်ပြီး မလေးရှား၊ အီသီယိုးပီးယားနိုင်ငံသားများ ပါဝင်သည်ဟု မြေပြင် ကေအဲန်ယူ တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“သူတို့က အဲမှာနေတော့ စားစရာမရှိဘူး။ ညက အေးလာတော့ ည ၁၀ နာရီမှာ စားစရာပေးဖို့ လာတောင်းတယ်။ သူတို့ နေရာမှာရှိတဲ့ စားစရာတွေ၊ စောင်တွေ သွားပြန်ယူပြီး ဝေခိုင်းလိုက်တယ်။ ဒီမနက်မှာတော့ လူကြီးတွေက စားစရာ၊ ရေသန့်တွေ ဝေပေးလိုက်တယ်။ အဲဒီဝင်းထဲမှာ ကျားဖြန်တွေ တစ်ဝက်ကျော် ကျန်သေးတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

မင်းလက်ပံ ကျားဖြန့်ဝန်းထဲ၌ မြန်မာနိုင်ငံသားတစ်ချို့၊ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် နေရပ်မပြန်လိုသည့် နိုင်ငံခြားသားများနှင့် တခြားနိုင်ငံခြားသား ၁,၀၀၀ ဦးကျော် ကျန်နေသေးသည်ဟု သိရသည်။

ထိုကျားဖြန့်ဝန်းထဲ၌ တရုတ်နိုင်ငံသားအချင်းချင်း သတ်ဖြတ်ခံရမှုများရှိသလို တချို့တရုတ်နွယ်ဝင်များ မြန်မာပြည်တွင်းသို့ပြန်ရန် ကေအဲန်ယူထံ လာဒ်ထိုးတောင်ဆိုမှုများလည်းရှိနေသည်ဟု သိရသည်။

မင်းလက်ပံ ကျားဖြန့်ရုံကို DKBA က လုံခြုံရေးယူပေးထားခြင်းဖြစ်သည်။

ထိုဝန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဘက်မှ ထိန်းသိမ်းထားသည်ဟု နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ပြီးနောက် စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့သေးသည်။

ကေအိုင်စီ