CDM ပြုလုပ်သည့် နောင်ချိုမြို့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး စစ်ကြောရေးတွင် သေဆုံး

By MPM 4 ဇူလိုင်, 2023 👁

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင်၊ နောင်ချိုမြို့၏ ဒု–မြို့နယ် အုပ်ချုပ်ရေးမှူးသည် CDM လုပ်ပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေး စစ်ဆေးမှုတွင် သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက ကျောက်မဲမြို့ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရပြီး ပျောက်ကွယ်သွားခဲ့ကြောင်း ၎င်းမိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဦးဌေးလင်းအောင် ယင်းသို့ ဖမ်းဆီးခံရပြီး ပျောက်ကွယ်သွားသည့် နေမှစပြီး သတင်းတစ်စုံတစ်ရာမှ စုံစမ်းမရရှိဘဲ မိသားစုဝင်များနှင့်လည်း လုံးဝ အဆက်အသွယ် ပျက်သွားခဲ့ကြောင်း ကြားသိရသည်။

စစ်ကြောရေးအတွင်း ဦးဌေးလင်းအောင် သေဆုံးခဲ့သည်ကို ၁ နှစ်ကျော် ကြာမြင့်ပြီးနောက် ယခုနှစ် ဇူလိုင်လပိုင်းမှသာ ၎င်း၏မိသားစုဝင်များက ကြားသိခဲ့ရသည်ဟု ပြောဆိုသည်။

“သူအရင်နှစ်ကတည်းက ပျောက်သွားတာ။ သူပျောက်သွားကတည်းက ဘာသတင်းမှ မရတော့ဘူး။ အဆက်သွယ်လည်း မရတော့ဘူး။ သူက ကျောက်မဲဘက်ကို လုပ်စရာရှိတယ် ပြောပြီး ထွက်သွားခဲ့တာ။ အဲ့နေ့ကနေ ပြန်မလာတော့ဘူး။ နောက်မှ သိလိုက်တာက သူ့ကို ကျောက်မဲ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီး ခံရတာတဲ့။ အဲ့တာနဲ့ စစ်ကြောရေးမှာ ဟိုဘက်က လက်လွန်ပြီးတော့ ဆုံးသွားပြီတဲ့။ ကျနော်တို့လည်း အခုမှ သိရတာ” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

ဦးဌေးလင်းအောင် ပျောက်သွားသည့်နေ့မှစပြီး ၎င်း၏ မိသားစုဝင်များက ထောင်အသီးသီးနှင့် စစ်ကြောရေးတွင် လိုက်ရှာခဲ့သော်လည်း မည်သည့်သတင်းမှ မရရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဦးဌေးလင်းအောင်၏ မိသားစုဝင်များက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အကူညီတောင်းပြီ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

“သူပျောက်သွားတော့ အကုန်လိုက်စုံစမ်းတယ်။ တချို့ အဖွဲ့စည်းတွေနား အကူညီတောင်းပြီးတော့လည်း ရှာတယ်။ ကမ္ဘာ့ကြက်ခြေနီ အသင်းတို့၊ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်တဲ့ အဖွဲ့တွေကနေ စုံစမ်းခိုင်းတယ်။ သူ့နာမည်နဲ့က လုံးဝ မတွေ့ဘူးတဲ့။ တစ်နှစ်ကျော် ရှာမတွေ့ဘူး။ အခုချိန်ထိလည်း သူသေသွားပြီလို့ ကြားသိရတယ်။ ဒါပေမယ့် သူ့ ရုပ်အလောင်းကိုတော့ ပြန်မတွေ့ရသေးဘူး” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

လက်ရှိတွင်လည်း ဦးဌေးလင်းအောင်၏ မိသားစုဝင်များသည် ၎င်းနှင့် ပြန်လည် တွေ့ဆုံနိုင်ရန်အတွက် မျှော်လင့်နေကြဆဲဟု ပြောဆိုသည်။

“ကျမတို့မှာ ကလေး ရှိထားတယ်။ ခက်ခဲတယ်လို့တော့ မပြောချင်ပါဘူး။ ကိုယ့်ထက် ခက်ခဲနေတဲ့သူတွေလည်း ရှိတယ်။ ကျမတို့ စိတ်ဓာတ်ကြံ့ခိုင် နေပါသေးတယ်။ တစ်နေ့ကျရင် သူနဲ့ ပြန်တွေ့ဖို့ ကျန်းမာအောင် နေထိုင် နေပါတယ်” ဟု ၎င်း၏ မိသားစုဝင်က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၃,၇၄၄ ဦး သေဆုံးသွားခဲ့ပြီး၊ ၁၉,၃၁၂ ဦး ဖမ်းဆီးခံရဆဲဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ဇူလိုင် ၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။