BGF အသွင်ပြောင်း KNA အား မြဝတီမြို့မှ နှင်ထုတ်သည့်အပြင် ကရင်လက်နက်ကိုင် ၃ ဖွဲ့အား အာဏာသိမ်းစစ်အုပ်စု ညွှန်ကြားချက်ထုတ်

By MPM 26 ဇန်နဝါရီ, 2026 👁

ကရင်နယ်ခြားစောင့်တပ် – BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော် – KNA တပ်ဖွဲ့များကို မြဝတီမြို့မှ နှင်ထုတ်ခြင်းအပြင် မြို့တွင်းရှိ ကရင်လက်နက်ကိုင် (၃) ဖွဲ့အား စစ်အုပ်စုက အချက် ၄ ချက်ပါသည့် ညွှန်ကြားချက်ထုတ်လိုက်သည်။

မြဝတီမြို့ရှိ သက်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့ ၏ ဆက်ဆံရေးရုံးများနှင့် စစ်အုပ်စု တပ်မ ၂၂ တပ်မမှူးတို့ ဇန်နဝါရီ (၁၉) ရက်နေ့က တွေ့ဆုံမှုတွင် ထိုသို့ ညွှန်ကြားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်အုပ်စု တပ်မမှူး ညွှန်ကြားစာအရ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် – DKBA၊ ငြိမ်းချမ်းရေးကောင်စီ – PC နှင့် BGF တို့၏ မြဝတီမြို့တွင်းရှိ တပ်ဖွဲ့ဝင်တစ်ဦးချင်းစာရင်းကို ဇန်နဝါရီ (၂၄) ရက်နောက်ဆုံးထား ထံပို့ဆောင်ရမည်ဖြစ်ပြီး မြို့လုံခြုံရေးအတွက် လက်နက်ကိုင် (၃) ဖွဲ့လုံး စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟုပါ ဆိုထားသည်။

လက်နက်ကိုင်များထံ ဆက်သွယ်စုံစမ်းချက်အရ ညွှန်ကြားချက်ပါအကြောင်းအရာအမှန်ဖြစ်ကြောင်း အတည်ပြုချက်ရရှိခဲ့ပြီး မြို့နေလူထုလုံခြုံရေးနှင့်ပတ်သက်နေသည့်အချက်ကိုသာ လိုက်လျောပေးမည်ဟု DKBA ပြောခွင့်ရ ဗိုလ်မှူးကြီးစောဖားဘလဲ့က ပြောသည်။

“ကျနော်တို့ လိုက်လျောပေးနိုင်တာတော့ လိုက်လျောမယ်၊ မရှိတဲ့အပိုင်းတော့မလုပ်ဘူး။ မြို့လုံခြုံရေးတို့ ဘာတို့ကျတော့ လူထုလုံခြုံရေးနဲ့ဆိုင်တော့ လိုက်လျောပေးရမှာပေါ့။ စစ်သား စာရင်းတောင်းတာနဲ့ပတ်သက်ပြီးပြောရင် စစ်ပိုင်းဆိုင်ရာအလုပ်တွေဆို ကျနော်တို့ လုပ်လို့မရဘူး။ သူတို့ရော ကျနော်တို့ရော စစ်သားပဲ၊ ပေးသင့်တဲ့ဟာဆိုပေးမယ်၊ မပေးသင့်ရင်မပေးဘူး” ဟု DKBA ပြောခွင့်ရသူက ဆိုသည်။

ထိုင်းနှင့်မြန်မာနှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးအချက်အချာကျ မြဝတီမြို့သည် စစ်အုပ်စုအုပ် ချုပ်ရေးယန္တရားများရှိသော်လည်း ကရင်လက်နက်ကိုင်အဖွဲ့များ ပူးတွဲလုံခြုံရေးယူထားသော မြို့ဖြစ်သည်။

ထိုအထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၁) ရက်နေ့ကစ၍ ဘက်တံဆိပ်ပြောင်းတပ်ထားသည့် KNA အဖွဲ့များလည်း အပါအဝင်ဖြစ်သည်။

စစ်အုပ်စု၏ညွှန်ကြားချက်မှာ KNA (သို့မဟုတ်) အွန်လိုင်းငွေလိမ်လုပ်ငန်းကိစ္စများကြောင့် ထွက်လာခြင်းဖြစ်နိုင်ပြီး မိမိတို့နယ်မြေလုံခြုံရေး မိမိတို့ဆက်လက်တာဝန်ယူမည်ဖြစ်ကြောင်း PC ဘက်က ဆိုသည်။

အုပ်ချုပ်ရေးလည်ပတ်ရန်ကိုလည်း စစ်အုပ်စုကသာ တိုင်းရင်းသားလက်နက်ကိုင်များကို အားကိုးနေရခြင်းဖြစ်သည်ဟု အဖွဲ့ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွှန့်ကပြောသည်။

၎င်းက “မြဝတီမှာ DKBA ဖြစ်ဖြစ်၊ PC ဖြစ်ဖြစ်၊ BGF ဖြစ်ဖြစ် သူတို့တပ်တည်နေရာကို အတိအကျ သတ်မှတ်ပေး ထားတာမဟုတ်ဘူး။ တစ်မြို့လုံး ရောနှောနေထိုင်ကြပြီး တပ်နယ်နိမိတ်အတိအကျမရှိတဲ့အတွက် သူတို့နယ်မြေလုံခြုံရေးကို သူတို့ရပ်ကွက်နဲ့သူတို့ ကာကွယ်ကြတယ်၊ ပူးပေါင်းလုပ်ဆောင်ကြတယ်။ စစ်တပ်က ဒီလိုလုပ်ပါ၊ ဟိုလိုလုပ်ပါ ညွှန်ကြားလို့လိုက်လုပ်တာကတော့ ကျနော် မတွေ့ဖူးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မြဝတီမြို့စောင့်တပ်ဟုလူသိများသည့် စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ-၂၇၅ အခြေစိုက်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်ပါက တုံ့ပြန်သည့်အနေဖြင့် မြဝတီမြို့တွင် နေရာ (၁၈) ခုကို ဗုံးကြဲတိုက်ခိုက်ရန် သတ်မှတ်ထားကြောင်းလည်း အာဏာသိမ်းစစ်အုပ်စု၏ ညွှန်ကြားစာကဖော်ပြထားသည်။

တစ်နိုင်ငံလုံးတပ်ဖြန့်ထားရသည့် စစ်အုပ်စုတွင် မြေပြင်တပ်အင်အားနည်းပါးနေသဖြင့် ၂၇၅ တိုက်ခိုက်ခံရပါက လေကြောင်းအထောက်အကူကိုသာ ကြီးကြီးမားမားသုံးလာနိုင်သည်ဟု စောကျော်ညွှန့်က ဖြည့်စွက်မှတ်ချက်ပေးသည်။

ညွှန်ကြားချက်ပါ ယင်းအကြောင်းအရာကြောင့် မြဝတီမြို့တွင်ယနေ့ မွန်းလွဲပိုင်း လမ်းမပေါ်လူသွားလူလာ သိသိသာသာနည်းပါးနေကြောင်း မြဝတီမြို့ခံအချို့က ဆိုသည်။

ကေအိုင်စီ