ALP ပါတီ ဒု-ဥက္ကဋ္ဌ အပါအဝင် သေဆုံးသူ ၃ ဦး ရုပ်အလောင်း လုံခြုံရေးအထူးတင်းကြပ်သင်္ဂြိုလ်

By MPM 4 ဇူလိုင်, 2023 👁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇူလိုင် ၁ ရက် က သေနတ်ပစ်ခံရ၍ သေဆုံးသွားကြသည့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကွဲမှ ပါတီဒုဥက္ကဋ္ဌ အပါအဝင် သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းကို လုံခြုံရေး အထူးတင်းကြပ်ပြီး သင်္ဂြိုလ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ဇူလိုင်လ ၄ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် စစ်တွေသုသာန်၌ မီးသင်္ဂြိုလ်ခဲ့ခြင်း ဖြစ်ပြီး သုသာန်အနီးတဝိုက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ALP တပ်ဖွဲ့ဝင်များက လုံခြုံရေး အထူးတင်းကျပ် ထားသည်ကို တွေ့ခဲ့ရသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။

“ကျနော် ခုနက အဲဒီဘက်ကို တခေါက်သွားဖြစ်တော့ အဲဒီမှာ သူတို့ အလောင်း ၃ လောင်းကို သင်္ဂြိုလ်နေတာ တွေ့ရတယ်။ လုံခြုံရေးတွေကတော့ အများကြီးပဲ” ဟု အဆိုပါမျက်မြင်တွေ့သူက ပြောသည်။

သေဆုံးသူ ၃ ဦးမှာ ဒေါ်စောမြရာဇာလင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် ALP အဖွဲ့ကွဲမှ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ ALA အမှတ် (၁၀၁) တပ်ရင်းမှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သားကျော်ကျော်နိုင်တို့ ဖြစ်ကြသည်။

သေဆုံးသူ ၃ ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၁ ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး “မိုခါ” မုန်တိုင်း ကယ်ဆယ်ရေး ကိစ္စများအတွက် ဥက္ကဋ္ဌရုံးတွင် အစည်းအဝေးပြုလုပ်ပြီး အပြန် စစ်တွေတက္ကသိုလ် ကျောင်းရှေ့တွင် (ULA/AA) မှ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံချောင်းမြောင်း ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံလိုက်ရသည် ဟု ALP ၏ ဇူလိုင် ၂ ရက် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ULA/ AA က ယခုကိစ္စမှာ ၄င်းတို့နှင့် လုံးဝ သက်ဆိုင်မှုမရှိဘဲ ALP ပါတီတွင်း အကွဲအပြဲများ၊ တစ်ဘက်နှင့် တစ်ဘက် မကျေနပ်မှုများကြောင့် ယခုကိစ္စ ဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက တုံ့ပြန်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက် ကလည်း ALP ပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် တပ်မှူး ၂ ဦးတို့သည် စစ်တွေရှိ ဝေသာလီ အားကစားကွင်း၌ စစ်ကောင်စီက ပြုလုပ်ခဲ့သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အိမ်စီးကားဖြင့် အပြန်တွင် စက်ရုံစုရပ်ကွက်ရှိ ဆီဆိုင်တန်းအနီး၌ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရပြီး ၃ ဦးစလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။