AA ထိန်းချုပ်ထားသော ပေါက်တောမြို့တွင် စစ်ကောင်စီဗုံးကြဲမှုကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရရှိ

By MPM 11 ဇွန်, 2024 👁

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပေါက်တောမြို့နယ်အတွင်း ဇွန်လ ၁၁ ရက် နံနက်ပိုင်း တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “ဗုံး ၃ လုံး ကြဲသွားတယ်။ ရွာသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်။ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသားတစ်ဦး ထိခိုက်သွားတာ ဒဏ်ရာကတော့ ပြင်းကြတယ်။ စစ်ကောင်စီက ဒီအတိုင်းလာပြီး ရွာသား တွေကို ပစ်ခတ်သွားတာဖြစ်တယ်” ဟု ပြောသည်။

သဝင်ချောင်းကျေးရွာနှင့် ပေါက်တောမြို့ကို စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသွားတာ ကြောင့် ဦးအောင်ကျော်စိုး (၄၃) နှစ်၊ ဒေါ်အေးကျော့ခင် (၅၁) နှစ်၊ ဒေါ်မနှင်းရွှေ (၄၁) နှစ်နှင့် ဦးနေဝင်း (၃၈) နှစ်၊ ဒေါ်အဒုံဒုံ (၄၃) နှစ်တို့ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိ၌ ဒဏ်ရာရရှိသူများသည် နီးစပ်ရာကျေးရွာများတွင် ဆေးကုသမှု ခံယူနေကြပြီး ဒဏ်ရာအခြေအနေ ပြင်းထန်သူများလည်း ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီက အရှုံးကို လက်မခံနိုင်သည့်အတွက် အာရက္ခတပ်တော်၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ပြီး အရပ်သားများကိုသာ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ရခိုင်က လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုကြသည်။

“စစ်ကောင်စီက စစ်ရာဇဝတ်မှုတွေကို ကျူးလွန်မြဲ ကျူးလွန်နေတာ ဖြစ်တယ်။ ဒီကစ္စတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့တယ်” ဟု လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ပေါက်တောမြို့နယ်ကို အာရက္ခတပ်တော် (AA) က ဇန်နဝါရီ ၂၄ ရက် တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ပေါက်တော မြို့သည် ရခိုင်ပြည်အတွင်း AA က ပထမဆုံး သိမ်းပိုက်ခဲ့သည့်မြို့လည်း ဖြစ်သည်။

သို့သော် စစ်ကောင်စီက ပေါက်တောမြို့နယ်အတွင်း မကြာခဏ လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများရှိနေ၍ ဒေသခံများ ဝင်ရောက်နေထိုင်ခွင့်ကို ဟန့်တားထားဆဲပင် ဖြစ်သည်။

အောင်ထိန် (DMG) ပေးပို့သည်။