“၁၀၂၇ စစ်ဆင်ရေး” တစ်လအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၁၀၀ နီးပါးသေဆုံး

By MPM 2 ဒီဇင်ဘာ, 2023 👁

သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီတပ်ကို ဆင်နွှဲနေသော “၁၀၂၇ စစ်ဆင်ရေး” တစ်လတာကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူ ၁၀၀ နီးပါး ထိခိုက်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

သျှမ်းမြောက်မှ မြို့နယ် ၁၂ ခု ထက်မနည်းတွင် ပြီးခဲ့သည့်အောက်တိုဘာလ ၂၇ ရက်မှ စ၍ “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေသည့် ညီနောင်မဟာမိတ် ၃ ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့၏ နှစ်ဖက်တိုက်ပွဲ တစ်လကြာမြင့်ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

လားရှိုးမြို့နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” မဖြစ်ပွားမီ တစ်ရက်အလို အောက်တိုဘာလ ၂၆ ရက် က ဟိုနမ့်ကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည်ဟုဆိုကာ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ရာ ပါ့စံဆိုသူ အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး နိုဝင်ဘာ ၉ ရက်တွင်လည်း မိုင်းတင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ နေအိမ်သို့နံနက်စာချက်ပြုတ်ရန် ပြင်ဆင်နေစဉ် လက်နက်ကြီးထိမှန်၍ အမျိုးသမီး ၃ ဦး ပွဲချင်းပြီး ထပ်မံသေဆုံးခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားနေသည့် မြို့နယ်များအနက် လားရှိုးမြို့နယ်သည် အမျိုးသမီးသေဆုံးမှု အများဆုံး ဖြစ်ပြီး စုစုပေါင်း ၁၀ ဦး သေဆုံးကာ ၎င်းတို့အထဲတွင် နိုဝင်ဘာ ၁၁ ရက်က အထက်မန်အိုင်ရှိ ခမရ – ၅၀၇ တပ်ထဲသို့ ညီနောင်မဟာမိတ်တပ်များမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် သေဆုံးသွားခဲ့သည့် အမျိုးသမီး ၂ ဦး လည်း ပါဝင်သည်။

လောက်ကိုင်မြို့နယ်တွင် နိုဝင်ဘာ ၁၁ ရက် နှင့် ၂၂ ရက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးနှင့် လေကြောင်းဖြင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် စစ်ဘေးရှောင် လူအုပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ကလေး ၂ ဦး အပါအဝင် ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရပြီး Ò၁၀၂၇ စစ်ဆင်ရေးÓ တစ်လအတွင်း လောက်ကိုင်မြို့နယ်သည် လူသေဆုံးမှု အများဆုံးမြို့နယ် ဖြစ်သည်။

သိန္နီမြို့နယ်တွင်လည်း စစ်ကောင်စီတပ်များမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးသည် စစ်ဘေးရှောင် စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဆေးကုသခွင့် မရရှိခြင်းကြောင့် သွေးထွက်လွန်ပြီး သေဆုံးခဲ့ရသူများမှာ ပိုမိုများပြားနိုင်ကြောင်း သိန္နီမြို့စစ်ဘေးရှောင်များထံမှ သိရသည်။

ထို့အပြင် သိန္နီမြို့တွင် နိုဝင်ဘာ ၁၇ ရက်က စစ်ဘေးရှောင်စခန်းမှ နေအိမ်သို့ရိက္ခာပြန်ယူသည့် အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်သတ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်ကလည်း နမ့်စလပ်ကျေးရွာတွင် စစ်ဘေးရှောင်မိသားစုကို သေနတ်ဖြင့် ထပ်မံပစ်သတ်ခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီးနှင့် ကလေးမှာ ထိခိုက်ဒဏ်ရာရခဲ့သည်။

ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးနှင့်ကလေး အများဆုံး ထိမှန်သေဆုံးခဲ့သည်။

နမ့်ဆန်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၁၉/၂၀ ရက်တို့တွင် တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် ဗုံးကြဲခြင်းတို့ကြောင့် အမျိုးသားတစ်ဦးနှင့် ကျောင်းသူအပါအဝင် ကလေး ၃ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက နိုဝင်ဘာ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

နောင်ချိုမြို့နယ် သုံးဆယ်အုပ်စု ဇီးဖြူရေကျေးရွာတွင် နိုဝင်ဘာ ၁၅ ရက်က တိုက်ပွဲတစုံတရာ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ကလေး ၂ ဦး ပွဲချင်းပြီး သေဆုံးကာ မိခင်ဖြစ်သူနှင့် အခြားကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး-PDF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က ထွက်ပြေးတိမ်းရှောင်မည့် စစ်ဘေးရှောင်များကို ချောင်းမြောင်းပစ်သတ်ခဲ့ပြီး ဒေသခံလူငယ် ၂၀ ဦးခန့်ကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နောင်ချိုဒေသခံများက ပြောသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်တို့တွင်လည်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ – ၅၀၁/၅၀၂ မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာ ၂၇ ရက်နေ့က ကျောက်မဲမြို့ အေးရှားဝေါလ်တိုးဂိတ်အနီး လေကြောင်းဗုံးကြဲမှုကြောင့် ကျား/မ ခွဲခြားမရအောင် ၄ ဦး မီးလောင်သေဆုံး ခဲ့ရကြောင်း ကျောက်မဲဒေသခံများထံမှ သိရသည်။

သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA က အသက်မပြည့်သေးသည့် လူငယ်များအပါအဝင် အမျိုးသား ၂၀ နီးပါးခန့်ကို ဖမ်းဆီးသွားခဲ့ပြီး မူဆယ်မြို့နယ် မုံးကိုးမြို့တွင်လည်း ကိုရင်များကို လူဝတ်လဲစေပြီး စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“၁၀၂၇ စစ်ဆင်ရေးÓ ဆင်နွှဲနေသော ညီနောင်မဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF များနှင့် စစ်ကောင်စီတပ်တို့သည် ပြည်သူလူထုအား ခြိမ်းခြောက်ခိုင်းစေခြင်း၊ အတင်းအဓမ္မ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားတံတိုင်းကဲ့သို့ အသုံးပြုခြင်းများရှိနေပြီး စစ်ရေးပဋိပက္ခအတွင်း ပြည်သူလူထုအား အကာအကွယ်ပေးရန်နှင့် စစ်ဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL)တို့ကို လေးစားလိုက်နာရန် တိုက်တွန်းထားကြောင်း သျှမ်းလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းများက နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။