အင်တာနက်ပြတ်တောက်ဒေသများတွင် လေကြောင်းတိုက်ခိုက်မှု ၉၇ ရာခိုင်နှုန်းနီးပါး ဖြစ်ပွားဟု MIP ဖော်ပြ

By MPM 26 အောက်တိုဘာ, 2026 👁 107

၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ၌ မှတ်တမ်းတင်ထားသည့် လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်အနက် ၅၆၂ ကြိမ်သည် အင်တာနက်ပြတ်တောက်မှုဒဏ်ခံနေရသည့် ဒေသများတွင် ဖြစ်ပွားခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း အရပ်သား အနည်းဆုံး ၃၅၃ ဦး သေဆုံးခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

MIP ၏ မှတ်တမ်းများအရ အဆိုပါသုံးလတာအတွင်း မှတ်တမ်းတင်ထားသည့် လေကြောင်းတိုက်ခိုက်မှု ၉၆ ဒသမ ၇ ရာခိုင်နှုန်းခန့်သည် အင်တာနက်ပြတ်တောက်နေသည့် ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုများကို စစ်ကိုင်း၊ ရခိုင်၊ မကွေးအပါအဝင် ရန်ကုန်တိုင်းမှအပ တိုင်းနှင့် ပြည်နယ် ၁၃ ခုရှိ မြို့နယ် ၉၉ ခုတွင် ကြုံတွေ့ခဲ့ရကြောင်း အစီရင်ခံစာက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသည့် မြို့နယ်အရေအတွက်မှာ စစ်ကိုင်းတိုင်းတွင် ၂၃ မြို့နယ်ဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ၁၅ မြို့နယ်၊ မကွေးတိုင်းတွင် ၁၂ မြို့နယ်တို့ ပါဝင်သည်။

လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေအရ ရခိုင်ပြည်နယ်တွင် ၁၅၁ ကြိမ်ဖြင့် အများဆုံးဖြစ်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၁၀၇ ကြိမ်၊ မကွေးတိုင်းတွင် ၁၀၆ ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါဒေသသုံးခုတွင် လေကြောင်းတိုက်ခိုက်မှုအားလုံး၏ ၆၂ ဒသမ ၆၅ ရာခိုင်နှုန်းခန့် ဖြစ်ပွားခဲ့ကြောင်း MIP က ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်အတွင်း အရပ်သား အနည်းဆုံး ၃၅၃ ဦး သေဆုံးခဲ့ပြီး သေဆုံးသူများတွင် အမျိုးသမီး အနည်းဆုံး ၉၀ ဦး၊ ကလေး ၃၄ ဦးနှင့် သက်ကြီးရွယ်အို ၄၃ ဦး ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်သွယ်ရေးအခက်အခဲကြောင့် အချို့တိုက်ခိုက်မှုများတွင် သေဆုံးသူအရေအတွက်ကို မသိရှိနိုင်ခဲ့သဖြင့် မြေပြင်တွင် သေဆုံးသူအရေအတွက်သည် မှတ်တမ်းတင်ထားသည့် ပမာဏထက် ပိုမိုများပြားနိုင်ကြောင်းလည်း MIP က သတိပေးထားသည်။

လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အအုံ ၃၉ ခု၊ ဆေးရုံနှင့် ဆေးခန်း လေးခု၊ စစ်ဘေးရှောင်စခန်း နှစ်ခု၊ ဈေး သုံးခုနှင့် စာသင်ကျောင်း ၁၆ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုအဆောက်အအုံများအနက် အများစုသည် အင်တာနက်ပြတ်တောက်နေသည့် ဒေသများတွင် တည်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ ဆေးရုံနှင့် ဆေးခန်းများ ထိခိုက်ပျက်စီးခြင်းသည် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးအပေါ် ဆက်လက်သက်ရောက်မှုရှိနိုင်ပြီး စစ်ရေးနှင့် မသက်ဆိုင်သည့် ဈေးများကို တိုက်ခိုက်မှုကြောင့်လည်း အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရကြောင်း MIP က သုံးသပ်ထားသည်။

နေအိမ်နှင့် ဈေးဆိုင်များကဲ့သို့ အရပ်သားပိုင် အဆောက်အအုံများလည်း အများအပြား ပျက်စီးခဲ့သော်လည်း အရေအတွက်အတိအကျကို ရေတွက်နိုင်ခြင်း မရှိကြောင်း အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည်။

MIP ၏ လေ့လာဆန်းစစ်ချက်အရ ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက လေကြောင်းအင်အား အသုံးပြုမှုသည် ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့သည်။

စစ်အုပ်စုက နယ်မြေပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်နေသည့် ဒေသများတွင် လေကြောင်းအင်အားကို အလွန်အကျွံ ဆက်လက်အသုံးပြုနေကြောင်းလည်း အစီရင်ခံစာက သုံးသပ်ထားသည်။

အင်တာနက်ပြတ်တောက်နေသည့် ဒေသများတွင် နေထိုင်သော အရပ်သားပြည်သူများသည် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းအန္တရာယ် ပိုမိုမြင့်မားနေကြောင်း MIP က ထောက်ပြထားသည်။

အဆိုပါအစီရင်ခံစာအတွက် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်အလက်များကို ဒေသတွင်းအခြေပြု သတင်းဌာနများနှင့် လွတ်လပ်သော သတင်းမီဒီယာများတွင် ဖော်ပြထားသည့် သတင်းများမှတဆင့် MIP က နေ့စဉ်ကောက်ယူစုဆောင်းခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမ