ဧည့်စာရင်း အကြောင်းပြ၍ စစ်တွေဒေသခံ ၃၀ ကျော်ကို စစ်တပ်က ဖမ်းဆီးထား

By MPM 2 မေ, 2026 👁 1

အာဏာသိမ်းစစ်တပ် ထိန်းချုပ်ဆဲ ရခိုင်ပြည် မြို့တော် စစ်တွေတွင် လူနေထူထပ်သည့် ရပ်ကွက်များနှင့် လူစုလူဝေးနေရာများကို စစ်တပ်က ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးကာ ဖမ်းဆီးငွေညှစ်မှုများလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေပြား၊ နာဇီ၊ အုန်းတပင်၊ မြို့သူကြီးစသည့် ရပ်ကွက်များတွင် ဧပြီ ၂၄ ရက်မှ ၂၆ ရက်ထိ ၃ ရက်ဆက်တိုက် ရှောင်တခင်ဧည့်စာရင်း ဝင်ရောက်စစ်ဆေးကာ ဒေသခံ ၃၀ နီးပါးကို ဖမ်းဆီးသွားကြောင်း မြို့ခံများက ပြောသည်။

“သင်္ကြန်အပြီးနဲ့ ပေါ့ပေါ့လျော့လျော့ နေနေကြတဲ့အချိန်လည်းဖြစ်တော့ ဧည့်စာရင်း မတိုင်ရသေးတာတွေကြောင့်လည်းပါသလို သူတို့ မသင်္ကာလို့ ဖမ်းတာလည်းပါတယ်။ လူပေါင်း ၃၀ နီးပါး ဖမ်းခံလိုက်ရတယ်လို့ သိရတယ်” ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ပြန်လွတ်/မလွတ် နှင့်ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေများကိုလည်း တစ်စုံတစ်ရာ မသိရှိနိုင်ကြောင်း မြို့ခံများက ဆိုသည်။

စစ်တပ်က စစ်တွေမြို့အတွင်း ဧည့်စာရင်းအကြောင်းပြချက်ဖြင့် လူနေရပ်ကွက်များအပြင် စစ်ရှောင်စခန်းများနှင့် စစ်ဘေးရှောင်များနေထိုင်ရာ ဘုန်းကြီးကျောင်းအတွင်းသို့ပါ ဝင်ရောက်စစ်ဆေးမှုများ လုပ်နေကြောင်း သိရသည်။

“ဖမ်းဆီးခံရတဲ့အထဲမှာ ကုန်ပစ္စည်းတွေ စုပြီး မှောင်ခိုကုန်ပို့ တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာလို့လည်း သိရတယ်။ အဖမ်းခံရတဲ့အထဲက တချို့ကို မိသားစုက ငွေပေးပြီး ထုတ်လာတယ်လို့ သိရတယ်။ ငွေကြေးမတတ်နိုင်တဲ့ လက်လုပ်လက်စားတွေ ဆိုရင်တော့ ပြန်လွှတ်/မလွှတ် မသေချာတော့ဘူး။ တစ်ခါတလေဆို သူတို့ ဘာသတင်းရထားမှန်းတော့မသိဘူး အိမ်အထဲထိ မွှေနှောက်ပြီး ရှာတာတွေလည်းရှိတယ်” ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ စ၍ ALP နှင့် စစ်ကောင်စီ ပူးပေါင်းကာ မြို့တွင်းဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်း၊ ပေါ်တာဆွဲခြင်း၊ လူမနေအိမ်များကို ဖြိုဖျက်ရောင်းစားခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်တွေဒေသခံ လူငယ်အမျိုးသားတစ်ဦးက “ယောကျ်ားလေးတွေ အများကြီးရှိတဲ့ နေအိမ်တွေ၊ ရပ်ကွက်တွေဆိုရင် တစ်နေ့ကို ၂ ကြိမ်လာစစ်တာလည်းရှိတယ်။ ဧည့်စာရင်း မတိုင်ထားတဲ့ အခါကျရင် ဖမ်းပြီး ငွေညှစ်တယ်။ အိမ်မှာနေရင်းလည်း အဖမ်းခံရတဲ့အခါလည်း ရှိတယ်။ ငွေပေးပြီးမှ လွှတ်ပေးတယ်။ ကျနော်ကိုယ်တိုင် ၃ ကြိမ်နီးပါး အဖမ်းခံရဖူးတယ်” ဟု ပြောသည်။

လက်ရှိ စစ်တွေမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်အပြိုင် စစ်ဆိုင်ထားသည့် အနေအထားမှာရှိနေပြီး လက်နက်ကြီးများဖြင့်လည်း အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။

စစ်တွေမြို့အတွင်း၌ စစ်တပ်၏ လုံခြုံရေးတင်းကျပ်မှု၊ ဖမ်းဆီးစစ်ဆေးမှုနှင့်အတူ ပိတ်ဆို့ထားမှုတို့ကြောင့် အခြေခံလက်လုပ်လက်စားများနှင့် စစ်ဘေးရှောင်များမှာ အခက်အခဲများစွာ ဖြစ်ပေါ်နေကြရသည်။

DMG