အာရှနိုင်ငံများရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အတင်းအကျပ် ခိုင်းစေခံရသူအရေအတွက် သိသိသာသာ မြင့်တက်လာနေပြီး နိုင်ငံပေါင်း ၈၀ ကျော်မှ လူများကို လူမှုကွန်ရက်များမှတဆင့် လိမ်လည်ခေါ်ယူနေကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) က သတိပေးပြောကြားသည်။
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့တွင် အလုပ်သမား ၃၀၀,၀၀၀ ခန့် အသုံးပြုနေသည့် အွန်လိုင်းလိမ်လည်မှုစင်တာကြီးများ ပေါ်ပေါက်လာပြီး အနောက်နိုင်ငံများရှိ အသက်အရွယ်ကြီးသူများကို အဓိကပစ်မှတ်ထားကာ အွန်လိုင်းမှတဆင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြောင်း IOM က ဆိုသည်။
သို့သော် အဆိုပါအလုပ်သမားများအနက် အများအပြားမှာ ကိုယ်တိုင်လည်း လိမ်လည်ခေါ်ဆောင်ခံရသူများဖြစ်ကြောင်း IOM က ပြောသည်။
အင်္ဂလိပ်စာကျွမ်းကျင်ပြီး တက္ကသိုလ်ပညာအရည်အချင်းရှိသူများအတွက် လစာကောင်းမွန်သည့် အလုပ်အကိုင်များရရှိမည်ဟု မဟုတ်မမှန် ကြော်ငြာများမှတဆင့် ဆွဲဆောင်ခေါ်ယူခြင်းဖြစ်သည်။
လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်နှင့် အခြားအထောက်အထားစာရွက်စာတမ်းများကို သိမ်းယူခံရကာ အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရန် အတင်းအကျပ်ခိုင်းစေခံရပြီး မလိုက်နာပါက ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုများ ကြုံတွေ့ရကြောင်း IOM က ပြောသည်။
ထို့အပြင် လူကုန်ကူးခံရသူများအနေဖြင့် လူမှုရေးအထင်အမြင်သေးခံရမှု၊ အကြွေးပြဿနာများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုခံရမှုများကိုပါ ရင်ဆိုင်နေရကြောင်း IOM ညွှန်ကြားရေးမှူးချုပ် အေမီပုပ် (Amy Pope) က ပြောသည်။
“ကျားဖြန့်စင်တာတွေမှာ ပိတ်မိနေသူတွေဟာ လူကုန်ကူးခံရသူတွေဖြစ်ပြီး အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုနဲ့ အတင်းအကျပ် ဖိအားပေးမှုတွေကြောင့် ရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ အတင်းအကျပ်ခိုင်းစေခံနေရတာ ဖြစ်ပါတယ်” ဟု အေမီပုပ်က ပြောသည်။
IOM ၏ ခန့်မှန်းချက်အရ ကျားဖြန့်စင်တာများသို့ လူကုန်ကူးခံရသူအရေအတွက်မှာ သောင်းနှင့်ချီရှိနေသည်။ IOM အနေဖြင့် မဟုတ်မမှန် အလုပ်အကိုင်ကမ်းလှမ်းချက်များမှတဆင့် လူကုန်ကူးခံရသူများကို နိုင်ငံပေါင်း ၃၀ ခန့်မှ ကူညီပေးခဲ့ပြီး လူမှုကွန်ရက်များ၏ ကျယ်ပြန့်လာမှုကြောင့် လူကုန်ကူးကွန်ရက်များ၏ လက်လှမ်းမီနိုင်သည့် နိုင်ငံအရေအတွက်မှာ ၈၀ ကျော်အထိ တိုးလာကြောင်း အေမီပုပ်က ပြောသည်။
ကျားဖြန့်စင်တာများမှ လွတ်မြောက်လာသူများ သို့မဟုတ် အစိုးရ၏ ဝင်ရောက်စီးနင်းဖမ်းဆီးမှုများအတွင်း ကယ်တင်ခံရသူများသည်ပင် နောက်ပိုင်းတွင် ရာဇဝတ်မှုကျူးလွန်သူများအဖြစ် တရားစွဲခံရမည့်အရေးကို ခြိမ်းခြောက်ခံရမှုများ ရှိနေကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ကျားဖြန့်စင်တာများကို ဖော်ထုတ်တိုက်ဖျက်ရာတွင် ထိုင်းနိုင်ငံအပါအဝင် အစိုးရများ၏ ပူးပေါင်းပါဝင်မှု တိုးမြင့်လာခြင်းကို IOM က ကြိုဆိုသော်လည်း တရားဥပဒေစိုးမိုးရေး အားနည်းသည့် အာရှဒေသဝေးလံသော နေရာများရှိ လိမ်လည်မှုစင်တာများကို ဖော်ထုတ်နိုင်ရေးအတွက် ပိုမိုအားထုတ်ရန် လိုအပ်ကြောင်း ပြောသည်။
လူကုန်ကူးခံရသူများအား ကာကွယ်ပေးခြင်း၊ လုံခြုံစွာ နေရပ်ပြန်ပို့ခြင်းနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေး ကူညီပေးခြင်းများ ဆက်လက်လုပ်ဆောင်ရန်နှင့် လူကုန်ကူးသူများ၏ လှည့်ဖြားနည်းများကို လူထုသိရှိနားလည်နိုင်ရေး အသိပညာပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် IOM က တိုက်တွန်းထားသည်။
မဇ္ဈိမ