မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည် လက်ရှိတွင် ရေနံမှော်များ၏ အစပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မြိုင်မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
“စစ်ကြောင်းက တဲကြီးရွာထဲကို ရောက်နေပါတယ်။ (Well 2) ရေနံမှော်အစပ်ကို ရောက်လာပြီပေါ့။ ဒီရေနံမှော်ထဲကို ရောက်အောင်တော့ သူတို့ သွားမှာပဲဗျ။ လေကြောင်းပစ်ကူနဲ့ လေကြောင်းကနေ ရိက္ခာချပေးရင်းနဲ့ မဖြစ်ဖြစ်အောင် လုပ်မယ့်အခြေအနေပဲဗျ” ဟု မြိုင်မြို့နယ် ပကဖ တာဝန်ခံက ပြောသည်။
အင်အား ရာနှင့်ချီ ပါဝင်သည့် စစ်အုပ်စု စစ်ကြောင်းသည် ရေနံမှော်များ တည်ရှိရာ ဒေသများသို့ လေကြောင်းပစ်ကူများဖြင့် စစ်ကြောင်းထိုးနေသည်မှာ အချိန်ကာလအားဖြင့် သုံးလကျော်ပြီဖြစ်သည်။
ထိုစစ်ကြောင်း၌ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) မှ အင်အား ရာချီပါကြောင်း သိရသည်။ စစ်အုပ်စုတပ် စစ်ကြောင်းထိုးရာ ရေနံမှော်ဒေသများအား ၂၀၂၄ ခုနှစ်အတွင်းက တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။
လက်ရှိ စစ်အုပ်စုတပ် စစ်ကြောင်းသည် မြိုင်မြို့နယ်အနောက်ပိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဝဲတူး (Well 2) ရေနံမှော်အစပ်ရှိ တဲကြီးရွာအတွင်း ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ယနေ့တွင် တိုက်ပွဲဖြစ်ပွားမှု၊ လေကြောင်းတိုက်ခိုက်မှုများ မရှိသေးကြောင်း သိရသည်။ စစ်အုပ်စုတပ်၏ စစ်ကြောင်းအား အညာတမာစစ်ဆင်ရေး အနေဖြင့် ခုခံတိုက်ခိုက်လျက်ရှိသည်။
ယမန်နေ့ (သြဂုတ်လ ၂၆ ရက်) တရက်အတွင်း တဲကြီးရွာနှင့် အနီးတဝိုက်ရွာများအား စစ်အုပ်စုတပ်က Mi-35၊ ဂျိုင်ရိုကော်ပတာတို့ဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့၍ ဒေသခံများ၏ နေအိမ်များ၊ စျေးဆိုင်များနှင့် အဆောက်အဦအချို့ ပျက်စီးခြင်းရှိကြောင်းလည်း သိရသည်။
စစ်အုပ်စုတပ်၏ စစ်ကြောင်းဝင်ရောက်မှုကြောင့် ရေနံမှော်လုပ်ငန်းများ ရပ်တန့်ထားရ၍ ဒေသခံများ၏ ဝင်ငွေရရှိသည့် အလုပ်အကိုင် ရပ်တန့်နေသလို စစ်ကြောင်း၊ တိုက်ပွဲများနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့် အနီးအနားကျေးရွာများ၊ စစ်အုပ်စုတပ် စစ်ကြောင်း ဖြတ်သန်းလာသည့် လမ်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။
လက်ရှိ ထိုစစ်ဘေးရှောင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ၊ စားနပ်ရိက္ခာနှင့် နေထိုင်ရေးအခက်အခဲများစွာ ကြုံတွေ့နေရကြောင်းလည်း သိရသည်။
စစ်ကြောင်းထိုးကာလအတွင်း စစ်အုပ်စုတပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၂၄ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၃၀၀ ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းလည်း မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၏ သြဂုတ် ၁၅ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။
မဇ္ဈိမ