ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာမှာ ဒေသခံတောင်သူတစ်ချို့စပါးစိုက်ပျိုးထားတဲ့ တောင်ခြေဘက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲနေတာကြောင့် စပါးရိတ်သိမ်းဖို့အတွက် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆားမှော်ကျေးရွာရဲ့ အရှေ့ဘက် ၃ မိုင်ခန့်ကွာဝေးတဲ့ လွယ်ပွတ် (Loi Put)၊ ဆွတ်ညဥ် (Sut Nyen)၊ လွယ်တောင်မ် (Loi Tawm) စတဲ့ တောင်ခြေတွေမှာ စစ်တပ်က နိုဝင်ဘာလ ဒုတိအပတ်ကစပြီး ဒရုန်းဗုံးကြဲတာတွေလုပ်နေတယ်လို့ သိရပါတယ်။
“စပါးရိတ်သွားမယ်သူတွေလည်း အဲဖက်မသွားရဲတော့ဘူး စပါးရိတ်ဖို့အတွက် လူခေါ်ရင်တောင် မသွားရဲကြတော့ဘူး။ စပါးရိတ်စက်နဲ့လူတွေလည်း မသွားရဲဘူးဖြစ်နေကြပြီး လယ်လုပ်တဲ့သူတွေ အရမ်းကို ခက်နေတယ်” လို့ ဆားမှော်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
စစ်တပ်ဒရုန်းဗုံးကြဲနေတဲ့ အဲဒီတောင်ခြေဘက် ဆားမှော်ဒေသခံပြည်သူအိမ်ခြေ ၃၀ ဝန်းကျင်ရဲ့ စပါးစိုက်ပျိုးထားတယ်လို့ သိရပြီး အိမ်ခြေတစ်အိမ်ကို စပါး ၁၀ ဧကခန့်ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဆားမှော်ဒေသခံတွေဟာ ရွာတွင်း တိရိစ္ဆာန်မွေးဖို့ အဆင်မပြေတဲ့အတွက် အဲဒီတောင်ခြေဘက်မှာ နွားသွားကျောင်းတဲ့သူများပြီး အနည်းဆုံးအကောင် ၂၀ ကနေ စီးပွားဖြစ်အကောင် ၅၀ ထိ မွေးမြူရေးလုပ်ကြတဲ့နေရာလည်းရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် စစ်တပ်ရဲ့ ဒရုန်းဗုံး မကြာခနကြဲခံနေရတဲ့အတွက် နွားကျောင်းတဲ့သူတွေလည်း သွားစောင့်အိပ်ဖို့ကြောက်နေရတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။
“ခုလို နွားကျောင်းပြီးနေနေတဲ့အချိန် မီးလင်းနေတဲ့နေရာကို ဒရုန်းဗုံးတွေပြန်လာချတော့ နောက်ဆက်တွဲအနေနဲ့ အဲဒီတောင်ခြေမှာ နွားသွားကျောင်းဖို့ လယ်လုပ်ဖို့တောင် အရမ်းစိုးရိမ်နေကြရတယ်” လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကစပြီး အဲဒီတောင်ခြေဘက်ကို လက်နက်ကြီးပစ်တာ၊ ဒရုန်းနဲ့ စောင့်ကြည့်တာမျိုးတွေရှိခဲ့ပေမယ့် ခုလိုမျိုး ဒရုန်းဗုံးကြဲတာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်မှာလည်း နွားကျောင်းတဲ့ အမျိုးသား၂ ဦး ဒရုန်းဗုံးထိမှန် သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။
လက်ရှိ ဆားမှော်ကျေးရွာအနီးနားတစ်ဝိုက်မှာ စစ်ကောင်စီတပ်က ခလရ (၁၀၅) အောက် တပ်ရင်း ၃၈၃၊ ၃၈၄၊ ရှမ်းနီအမျိုးသားတပ်မတော် (SNA)၊ ပြည်သူ့စစ်အဖွဲ့တို့ အပြည့်အဝ ထိန်းချုပ်ထားတဲ့ နေရာဒေသတစ်ခုလည်း ဖြစ်ပါတယ်။
ဆားမှော်ကျေးရွာကတော့ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်ထဲမှာ ပါဝင်တာဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၅၉၂၃ ဦး၊ မ ၆၃၁၆ ဦး၊ လူဦးရေစုစုပေါင်း ၁၂၂၃၉ ဦး နေထိုင်တယ်လို့ သိရပါတယ်။
KNG