အာဏာသိမ်းစစ်ခေါင်းဆောင်အား သမ္မတတင်မြှောက်ရန် စစ်ကော်မရှင်ကြိုးပမ်းမှုကို အာဆီယံလွှတ်တော်အမတ်များ ရှုတ်ချ

By MPM 31 မတ်, 2026 👁 2

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူစေပြီးနောက် စစ်ကော်မရှင်ထိန်းချုပ်ထားသော လွှတ်တော် မဲခွဲမှုဖြင့် ဒုတိယသမ္မတအဖြစ် ချက်ချင်း ခန့်အပ်ကာ သမ္မတဖြစ်ရန် စနစ်တကျ ကြံစည်လုပ်ဆောင်မှုအပေါ် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ရှုတ်ချလိုက်သည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက စစ်ကော်မရှင်သည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင်မှုများ၊ အရပ်သား ပြည်သူလူထုအပေါ် လေကြောင်းမှ တိုက်ခိုက်မှုများနှင့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတို့ အပါအဝင် တိုင်းရင်းသားနှင့် ဘာသာရေး လူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုများကို လုပ်ဆောင်ခဲ့သည်။

မင်းအောင်လှိုင် သမ္မတအဖြစ် တက်လှမ်းလာခြင်းသည် ကြီးမားသော ဆင်းရဲဒုက္ခများကို ဖြစ်ပေါ်စေပြီး လူမှုရေး ကွဲပြားမှုများ နက်ရှိုင်းစေကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ထိခိုက်ပျက်စီးစေသည့် အကြမ်းဖက်စနစ်ကို တရားဝင်ဖြစ်အောင် ပြုလုပ်ခြင်းပင် ဖြစ်သည်ဟု APHR ၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာကို နှိပ်စက်ညှဉ်းပန်းခဲ့သည့် စစ်ကြောရေးစခန်းများကို ဦးစီးကွပ်ကဲခဲ့သူ၊ မင်းအောင်လှိုင်၏ သစ္စာရှိနောက်လိုက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ခြင်းက စစ်သည်အပေါ် မင်းအောင်လှိုင်က ဆက်လက် ဩဇာညောင်းနေဦးမည်ဖြစ်၍ သမ္မတရာထူးနှင့် စစ်တပ် နှစ်ခုလုံးအပေါ် လွှမ်းမိုးထားနိုင်ပြီး ဖိနှိပ်မှုများ ဆက်လက်ကျူးလွန်ကာ ပြစ်ဒဏ်ခတ်မခံရခြင်း ဆက်လက် ကျိန်းသေ ရရှိစေမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံးကြဲမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရမှုများကြားက ကျင်းပခဲ့သော မကြာသေးမီက ရွေးကောက်ပွဲများနှင့် ကြိုတင်စီစဉ်ထားသော ရလဒ်များက မူဘောင်အားဖြင့် တရားမဝင်ကြောင်း၊ မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ခြင်းမရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုများမှ ရှောင်တိမ်းရန်နှင့် အာဏာကို စုစည်းရန် စစ်ကော်မရှင်၏ ထပ်မံ ကြိုးပမ်းမှုသာ ဖြစ်ကြောင်းလည်း ဆိုသည်။

ရှေ့တန်းမျက်နှာစာမှနေ၍ စစ်အာဏာရှင်စနစ်ကို ဆက်လက် တွန်းလှန်ဆန့်ကျင်ပြီး မိမိတို့ လူ့အသိုက်အဝန်းကို ကာကွယ်ကာ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းနေကြသော ဒီမိုကရေစီလိုလားသည့် အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လူထုလှုပ်ရှားမှုများအပေါ် APHR အနေဖြင့် ခိုင်ခိုင်မာမာ ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောထားသည်။

ထို့ပြင် အာဆီယံ၊ ကုလသမဂ္ဂနှင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စု၏ အာဏာချုပ်ကိုင်မှုကို ရှုတ်ချရန်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို လိုက်နာကျင့်သုံးရန်နှင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများကို ကူညီပံ့ပိုးရန် အရေးပေါ်နှင့် ပြတ်သားသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် APHR က တောင်းဆိုထားသည်။

စစ်အုပ်စုက ဖိနှိပ်မှုများကို မပျက် ကျူးလွန်နေစဉ် ပြုပြင်ပြောင်းလဲမှု ရှိနေသယောင် ဟန်ပြ အရပ်သား အသွင်ကူးပြောင်းမှုကို အသုံးချပြီး ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စောင့်ကြည့်ခြင်း မရှိဘဲ ပြန်လည်ထိတွေ့ဆက်ဆံလာခြင်းကို ဖန်တီးလေ့ ရှိသဖြင့် စစ်အုပ်စုနှင့် “ယခင်အတိုင်း ပုံမှန် ဆက်ဆံရေး” မပြုမိရန် အလွန် အရေးကြီးကြောင်း ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။

မြန်မာ့အရေးကို ဖြေရှင်းရာတွင် မြန်မာပြည်သူများ၏ ဆန္ဒ၊ လူ့အခွင့်အရေးကို လေးစားမှုနှင့် ဒီမိုကရေစီ ရရှိရေးတို့ကို အခြေခံထားရမည်ဟု APHR က အလေးထား ဆိုသည်။ မင်းအောင်လှိုင်၏ သမ္မတရာထူးကို မည်သည့် ပုံစံမျိုးဖြင့်မဆိုအသိအမှတ်ပြုခြင်းသည် မြန်မာပြည်သူတို့၏ အခွင့်အရေးကို ထိခိုက်စေသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်များကို တရားဝင် ဖြစ်သွားစေလိမ့်မည်ဟု APHR က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့အတွက် အာဏာရှင်စနစ်အား ဆန့်ကျင်တိုက်ပွဲဝင်နေသော ပြည်သူများကို ကူညီရန် နိုင်ငံတကာ၏ စည်းလုံးညီညွတ်မှုနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

မဇ္ဈိမ