အာဏာသိမ်းစစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒု–ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့်အဖွဲ့ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့သည် ဇန်နဝါရီ ၂၄ မနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ခေါင်းစဉ် ၃ ခုဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ဒီနေ့တော့ ခေါင်းစဉ် ၃ ခုနဲ့ ဆွေးနွေးခဲ့တယ်။ ပထမတစ်ချက်ကတော့ သျှမ်းပြည်တွင်းငြိမ်းချမ်းရေး သာမကပဲ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့တယ်။ ပြီးတော့ ဖယ်ဒရယ်အရေးပေါ့။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အတွက်လည်းဆွေးနွေးခဲ့တယ်။ နောက်ဆုံးတစ်ခုကတော့ နယ်မြေဒေသ ဖွံ့ဖြို့တိုးတက်ဖို့အတွက်တွေ ဆွေးနွေးခဲ့တယ်” ဟု ဒု–ဗိုလ်မှူးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုအပြင် လက်ရှိ ဆွေးနွေးရသည့်အကြောင်းရင်းသည် သျှမ်းပြည်တွင်း ပြည်သူများတိုက်ပွဲအတွင်း ငြိမ်းချမ်းစေရန်အတွက် အဓိက အားထားပြီး လာရောက်ဆွေးနွေးခဲ့ကြောင်း ဒု- ဗိုလ်မှူးကြီးက ထပ်လောင်းပြောသည်။
“ပထမတော့ ကျနော်တို့ သျှမ်းပြည်တွင်း အဖက်ဖက်က တိုက်ပွဲတွေ ငြိမ်းချမ်းဖို့ ဖြစ်ပါတယ်။ အထင်မြင်မှားတာတွေလည်း ရှင်းလင်းသွားအောင်ပေါ့။ ပြီးတော့ အစိုးရကြားမှာကော လက်နက်ကိုင်အချင်းချင်းကြားမှာကော နားလည်မှု လွဲတာတွေလည်း ရှင်းလင်းအောင်လို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ပြည်သူတွေကလည်း တိုက်ပွဲဒဏ်တွေ ခံစားနေရတာများနေပြီလေ” ၎င်းက ပြောသည်။
စစ်ကောင်စီ နှင့် (RCSS/SSA) ဆွေးနွေးပွဲကို ၃ ရက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ဆွေးနွေးမှုသည် ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့်အတူ RCSS ကိုယ်စားလှယ်အဖွဲ့များအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်သည့် ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဒု–ဗိုလ်မှူးကြီး အုမ်ခေး၊ ဗဟိုဦးဆောင်ကော်မတီဝင်များ ဖြစ်သည့် ဗိုလ်မှူး နန်းမိုးမိုးစော၊ ဗိုလ်မှူး နန်းစံဖောင်း တို့နှင့် အထောက်အကူပြုများပါဝင်ကြောင်း သိရသည်။
သျှမ်းသံတော်ဆင့် – ပေးပို့သည်။