အာဆီယံနိုင်ငံအချို့ “ခွဲခြားဆက်ဆံမှုများ” ပြုလုပ်ရန် ကြိုးပမ်းနေဟု စစ်အုပ်စု အပြစ်တင်

By MPM 10 မေ, 2026 👁 2

အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနက် အချို့နိုင်ငံများသည် စစ်အုပ်စုအပေါ် “ခွဲခြားဆက်ဆံမှုများ” ဆက်လက်ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက အပြစ်တင်ပြောဆိုလိုက်သည်။

မေလ ၁၀ ရက်နေ့ ညပိုင်းက စစ်အုပ်စုလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပြီး ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနက် “အနည်းငယ်သောနိုင်ငံများ” သည် စစ်အုပ်စု၏ အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အပေါ် “ကန့်သတ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများ” ကို ဆက်လက်ပြုလုပ်ရန် ကြိုးပမ်းနေပြီး အာဆီယံ ပဋိညာဉ်စာတမ်းပါ အခြေခံမူများကို ဖောက်ဖျက်၍ အာဆီယံအဖွဲ့ဝင် တနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်းနှင့် ဖိအားပေးခြင်းများကို ဆောင်ရွက်နေကြောင်း စစ်အုပ်စုက အပြစ်တင်သည်။

အာဏာသိမ်းပြီးနောက် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည့် စစ်အုပ်စုက အာဏာသိမ်းကာလ လွန်ခဲ့သည့် ငါးနှစ်ကလည်း ခွဲခြားဆက်ဆံမှုများ ပြုလုပ်သော်လည်း စိတ်ရှည်သည်းခံ၍ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပြောသည်။

“အဆိုပါ အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများကို နိုင်ငံတော်အစိုးရအသစ်လက်ထက်တွင် ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများသည် ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုရာရောက်ပါသည်” ဟုလည်း ဆိုထားသည်။

စစ်အုပ်စုအနေဖြင့်မူ ပကတိအခြေအနေအပေါ်မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် မြန်မာ ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စုလက်အောက်ခံနိုင်ငံခြားရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက်သည် ပြီးခဲ့သည့် မေလ ၇ ရက်နေ့နှင့် ၈ ရက်နေ့တို့တွင် ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့တွင် ပြုလုပ်ခဲ့သည့် ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

စစ်အုပ်စု၏ ထုတ်ပြန်ချက်တွင် “အနည်းငယ်သောနိုင်ငံများ” ဟုသာ ဖော်ပြထားပြီး မည်သည့်နိုင်ငံများဖြစ်ကြောင်း နာမည်တပ်ဖော်ပြထားခြင်းမရှိပေ။

လက်ရှိတွင် အာဆီယံအနေဖြင့် အာဏာသိမ်း စစ်အုပ်စု၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုထားသကဲ့သို့ အဆိုပါ ဆီဘူးမြို့တွင်ပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့လည်း စစ်အုပ်စု၏ ၂၀၂၆ သမ္မတ မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုဘဲ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသာ တက်ရောက်ခွင့်ရခဲ့သည်။

အာဆီယံထိပ်သီး အစည်းအဝေးမတိုင်မီ ပြုလုပ်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် လာမည့်ဇူလိုင်လအစည်းအဝေး၌ မြန်မာနိုင်ငံကို ပါဝင်ခွင့်ပြုရန် ထိုင်းနိုင်ငံက အဆိုပြုခဲ့သော်လည်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးကို ပင်မအစည်းအဝေးသို့ လူကိုယ်တိုင် တက်ရောက်ခြင်းအား စင်ကာပူနိုင်ငံက ကန့်ကွက်ခဲ့ကြောင်း ဂျပန်သတင်းဌာန The Mainichi က မေ ၉ ရက်နေ့တွင် ဖော်ပြခဲ့သည်။

သို့သော် လာမည့် ဇူလိုင်တွင် ကျင်းပမည့် ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဘေးပန်းအစီအစဉ်တရပ်တွင် စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးကို အွန်လိုင်းဖြင့် တက်ရောက်ခွင့်ပြုရန် စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး The Mainichi က ရေးသားထားသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် တီမောနိုင်ငံတို့က အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဆက်လက်ကိုင်စွဲထားလိုပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့သည် ပြန်လည်ထိတွေ့ဆက်ဆံရန် လိုလားနေကြောင်း စင်ကာပူအခြေစိုက် The Straits Times ကလည်း မေလ ၈ ရက်နေ့က ဖော်ပြထားသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၏ သမ္မတ မားကို့စ်ကမူ မြန်မာ့အရေး တိုးတက်မှုမရှိ၍ အာဆီယံခေါင်းဆောင်များ စိတ်ပျက်ရကြောင်း ဆီဘူးမြို့တွင် မေလ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

မဇ္ဈိမ