အသက်အန္တရာယ်ကြားမှ ကရင်နီစစ်ရှောင်များ ရိက္ခာအတွက် စိုက်ပျိုးရေးလုပ်ကိုင်နေကြ

By MPM 31 မတ်, 2024 👁

ကရင်နီ (ကယား) ပြည်၊ ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကရင်နီ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေရေးအတွက် အသက်အန္တရာယ်ကြားမှ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေကြရသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများမှာ စစ်ဘေးရှောင်ကာလ ကြာလာသည်နှင့်အမျှ အလှူရှင်များ ရှားပါးလာခြင်းကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေရေးအတွက် မြေမြှုပ်မိုင်း အန္တရာယ်များကြားမှ စပါးများကို ပြန်လည်စိုက်ပျိုး နေကြရသည်ဟု ဆိုသည်။

ကရင်နီ လူသားချင်းစာနာထောက်ထားမှုအသင်း- KHT မှ တာဝန်ရှိသူတစ်ဦးက “မိုင်းရှိရဲ့သားနဲ့ စစ်ဘေးရှောင် တွေ ဂရုတစိုက်နဲ့ စွန့်စွန့်စားစားနဲ့ စားဖို့သောက်ဖို့ သွားပြန်ရှာကြတယ်ပေါ့နော်။ အခု ဒီတလောပေါ့နော် လွန်ခဲ့တဲ့ ၂ နှစ် လောက်ကထက် အလှူရှင်တွေ ပိုနည်းလာတာပေါ့နော်။ ဒီလိုအလှူရှင်တွေ မလာဘူး၊ ရိက္ခာပြတ်လပ်တဲ့ အခါကျတော့လည်း စားစရာတွေဘာတွေ ဟင်းသီးဟင်းရွက်လေးတွေ လိုက်ရှာတာပေါ့။ တချို့ကျတော့လည်း စပါးတွေဘာတွေ လယ်တွေ ပြန်လုပ်ကြတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်များက မြေမြုပ်မိုင်းအများအပြားကို ထောင်ထားသည့်အတွက် စပါးပြန်စိုက်သော မိုးဗြဲ ဒေသခံတစ်ဦး မတ်လအတွင်း၌ပင် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KHT တာဝန်ရှိသူက ဆက်ပြောဆိုသည်။

“အဲ့လိုမျိုး တချို့ပြန်ပြီး လယ်လုပ်တဲ့အချိန်မှာ မိုးဗြဲမှာပေါ့ လယ်ပြန်လုပ်တယ်ပေါ့။ စစ်ဘေးရှောင်တွေ လယ်ပြန် လုပ်ရင်းနဲ့ မိုင်းနင်းမိပြီး ခြေထောက်ဆုံးရှုံးတယ်ပေါ့နော်။ ကျနော်ကြားလိုက်ရတယ် လွန်ခဲ့တဲ့ ၃ ပါတ်ကပေါ့” ဟု ၎င်းက ဆိုသည်။

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် ပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၁ သိန်းကျော် လာရောက် စစ်ရှောင်နေကြရသည်ဟု အကူအညီပေးနေသူ များက ပြောသည်။

ထို့အတူ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဖရူဆို အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတွင်မူ စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ အလှူရှင်များ လာရောက်လှူဒါန်းမှု နည်းပါးသည်ဟု စစ်ရှောင်စခန်းမှ မော်ထရေဇာက ပြောသည်။

“ဒီနောက်ပိုင်းကတော့ ပါးလာတယ်ပေါ့နော်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်လာတော့ အလှူရှင်တွေက ဒီဘက်ကို သိပ်မလာဖြစ်ဘူးပေါ့။ ဘာဖြစ်လဲဆိုတော့ ခရီးလည်းဝေးတော့ သူများတွေ ဒီဘက်သိပ်မလာလှူ ဖြစ်ဘူးပေါ့” ၎င်းက ဆိုသည်။

ဖရူဆိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၄ စု ရှိပြီး စစ်ရှောင်စခန်းရှိ အိမ်ထောင်စုထက်ဝက်ခန့်မှာ တောင်ယာ စပါးစိုက်ပျိုးကာ စားနပ်ရိက္ခာအခက်အခဲကို ကြိုးစားဖြေရှင်းရန် ပြင်ဆင်နေကြသည်ဟု မော်ထရေဇာက ဆက်ပြောသည်။

“ဒီ Camp ထဲမှာကြတော့ အရင်တစ်နှစ်က တောင်ယာလုပ်နိုင်တဲ့သူတွေကတော့ ကြိုးစားပြီးတော့ လုပ်ကြတယ်။ နည်းနည်းပေါ့။ အများကြီးတော့ မထွက်ဘူးပေါ့။ စပါးကလည်း သေတာတွေရှိတဲ့အတွက် အများကြီးတော့ မထွက်ဘူးပေါ့။ သူတို့အတွက်တော့ တစ်လစာ၊ နှစ်လစာ အဲ့လိုမျိုးတော့ ဖူလုံတယ်ပေါ့” ဟု ၎င်းက ပြောပါသည်။

သို့သော် တောင်ယာမလုပ်နိုင်သောသူများအတွက် ရိက္ခာပြတ်လပ်သည့် အခက်အခဲနှင့် ကြုံနေရသည်ဟု စစ်ရှောင်များက ပြောဆိုသည်။

ဖရူဆိုစစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များသည် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်နေမှု အခြေအနေကြားက စွန့်စား၍ တောင်ယာကို သွားရောက် စိုက်ပျိုးလုပ်ကိုင် နေကြရခြင်း ဖြစ်သည်။

လွန်ခဲ့သော ၅ လခန့်ကလည်း ဖရူဆိုမြို့အနီးရှိ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်များ နေထိုင်သော ဒိုးပရယ်ကျေးရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့သည်။

အဆိုပါ လက်နက်ကြီးကျည်ကြောင့် ဖရူဆိုမြို့မှ လာရောက် စစ်ဘေးရှောင်နေသော အသက် ၈ နှစ်အရွယ် ယောက်ကျားလေးတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ဖူးသည်ဟု စစ်ရှောင်များက ပြောသည်။

လက်ရှိ ကရင်နီပြည်တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းရှစ်သောင်းကျော် ရှိနေသည်ဟု ကရင်နီလူမှုအသင်း အဖွဲ့များ ကွန်ရက် KCSN မှ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။