မြန်မာပြည်သူများအပေါ် လေကြောင်းကနေ ရက်ရက်စက်စက် ပစ်ခတ်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို အရေးယူပေးဖို့ ကမ္ဘာ့စက်မှုနိုင်ငံများဟုခေါ်သည့် G7 နိုင်ငံများ၏ ညီလာခံသို့ အရပ်ဖက်အဖွဲ့အစည်း ၁၈၀ ကျော်တို့က လက်မှတ်ရေးထိုးကာ မေလ ၁၅ ရက်က တောင်းဆိုလိုက်ကြောင်း သိရသည်။
လာမယ့် မေ ၁၉ ရက်တွင် ဂျပန်နိုင်ငံတွင်ကျင်းပမည့် ၄၉ ကြိမ်မြောက် ကမ္ဘာ့စက်မှုနိုင်ငံများ G7 ညီလာခံတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ထပ်မံမလုပ်နိုင်ရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB အပါအဝင် စစ်ကောင်စီထံ စီးဝင်နေသည့် ဝင်ငွေရလမ်းကြောင်းများကို ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁၇ ဦး၊ ကလေးငယ် ၁၉ ဦးအပါအဝင် စုစုပေါင်း ၁၆၅ ဦး သေဆုံးခဲ့ရသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလက ကချင်ပြည်နယ် အနန့်ပါရွာတွင်လည်း စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၇၅ ဦး သေဆုံးခဲ့ရသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် ပြည်သူများသေဆုံးခဲ့ရသည့်ဖြစ်စဉ်များကို အဆိုပါတောင်းဆိုချက်တွင် အသေးစိတ်ဖော် ပြထားသည်။
စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား၊ ကရင် စသည့် မြေပြင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ဒေသများကိုလည်း စစ်တပ်က လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများလည်းရှိနေကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီအထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေပေါင်း ၆၀၀ ကျော်ရှိခဲ့ကြောင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ မလုပ်နိုင်တော့ပါက ၎င်းတို့ထိန်းချုပ်ထားသည့်နယ်မြေများကိုလည်း ဆက်လက်ထိန်းထားနိုင်တော့မည်မဟုတ်ကြောင်း၊ လေယာဉ်ဆီများနှင့် စစ်လက်နက်များကို တရုတ်၊ ရုရှနှင့် အိန္ဒိယနိုင်ငံများမှ ဝယ်ယူနေကြောင်း၊ ဒေါ်လာငွေရရှိနိုင်မည့် လမ်းကြောင်းများရှိနေသမျှ အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်နေဦးမည်ဖြစ်ကြောင်း၊ ဝင်ငွေရနိုင်မည့်လမ်းကြောင်းများကို ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးကလည်း G7 နိုင်ငံများက စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့အတွက် တောင်းဆိုထားကြောင်းလည်း သိရသည်။
လာမည့် မေလ ၁၉ ရက်မှ ၂၁ ရက်အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့တွင် G7 နိုင်ငံများဖြစ်သည့် ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ အီတလီနှင့် ကနေဒါ စသည့် နိုင်ငံပေါင်း ၇ နိုင်ငံက ခေါင်းဆောင်များက တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။