အထက်လူကြီး ယုံကြည်မှုနှင့် စစ်တပ် အကျိုးအတွက် ကြိုးစားသွားမည်ဟု တပ်ချုပ်သစ်ပြော

By MPM 31 မတ်, 2026 👁 1

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို ခန့်အပ်သည့် အထက်လူကြီး၏ ယုံကြည်မှုနှင့် ထိုက်တန်စွာ နိုင်ငံတော်အကျိုးနှင့် စစ်တပ်အကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တပ်ချုပ်သစ်ဖြစ်လာသည့် ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးက ပြောသည်။

မတ် ၃၀ရက် နံနက်ပိုင်း၊ နေပြည်တော်ရှိ ဇေယျာသိရိဗိမာန်၌ ကျင်းပခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန် လွှဲပြောင်းသည့် ဂုဏ်ပြုအခမ်းအနားတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ဒို့တာဝန်အရေး (၃) ပါးကို အမျိုးသားရေးတာဝန်အဖြစ် ခံယူထားပြီး နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ တိုက်စွမ်းရည်၊ တိုက်စွမ်းအားကောင်းအောင် ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ်” ဟု ပြောဆိုသည်။

ယင်းအပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဉပဒေကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး ပေးထားသည့်တာဝန်များကို ကျေပွန်စွာ သစ္စာရှိရှိ ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦး၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်မှူးကြီး ကျော်စွာလင်းတို့ကို အာဏာသိမ်းစစ်ခေါင်းဆောင်က တင်မြှောက်လိုက်ခြင်းဖြစ်သည်။

“တပ်မတော်ရဲ့ ကောင်းမြတ်တဲ့သမိုင်း အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရတဲ့ တပ်မတော်၊ ပြည်သူလူထုက အားကိုးရတဲ့ တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမှာကို အလေးအနက်ထား ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးက ပြောသည်။

လက်ရှိ တပ်ချုပ်သစ်ဖြစ်လာသည့် ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးမှာ စစ်တပ်အတွင်း လုပ်ပိုင်ခွင့် အပြည့်အဝ ရရှိမည် ဖြစ်သော်လည်း နိုင်ငံရေးပါဝါ ရရှိမည် မဟုတ်ကြောင်း သုံးသပ်နေကြသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်သည် သမ္မတရာထူးယူမည်ဖြစ်၍ သူကိုယ်တိုင် အာဏာသိမ်းခြင်းမခံရစေရန် တပည့်အရင်းကို တပ်ချုပ်ရာထူး တိုးပေးခြင်းဖြစ်ပြီး စစ်ရေးအရ ပြောင်းလဲလာမည်မဟုတ်ဟု CDM အသိုင်းအဝိုင်းက သုံးသပ်သည်။

“မင်းအောင်လှိုင်က သမ္မတ လုပ်မယ်။ စစ်တပ်ကိုတော့ ရဲဝင်းဦးက တိုက်ရိုက် စီမံခွင့်ရမှာပေါ့။ ဒါပေမဲ့ သူ့မှာ နိုင်ငံရေးပါဝါ ဘာမှမရှိတော့ဘူ။ NLD လက်ထက်က မင်းအောင်လှိုင်ဘဝလို နေရမယ့် အနေအထားပေါ့။ စစ်တိုက်ဖို့ပဲ တာဝန်ရှိတဲ့သဘော။ မင်းအောင်လှိုင်က စစ်တပ်ကနေ ပြန်ပြီး အာဏာသိမ်းတာ မခံရအောင် သူရဲ့ ငယ်ကျွန်ဖြစ်တဲ့ ရဲဝင်းဦးကို တပ်ချုပ် ခန့်လိုက်တာဖြစ်တယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်၏ ယုံကြည်ရဆုံးသူဖြစ်သော ကာချုပ်သစ် ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးသည် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် (စရဖ) ကနေ မတ်လ အစပိုင်း၌ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ရာထူးတိုးခဲ့ပြီးနောက် အချိန်တစ်လပင် မပြည့်ခင် အဆင့်မြင့်ဆုံး ရာထူး ကာချုပ်နေရာ ရလာခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးသည် OTS အမှတ်စဉ် (၇၇) ဆင်းဖြစ်ပြီး ထောက်လှမ်းရေး အရာရှိမှ တပ်ချုပ်ရာထူး ဖြစ်လာခြင်းကြောင့် ပြည်သူများကို ဘက်ပေါင်းစုံမှ ဖိနှိပ်ချိုးနှိမ်လာနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

ထို့အတူ ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတလောင်း အမည်စာရင်း တင်သွင်းထားသည်။

ထို့ကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဖြစ်လာမည်ဆိုပါက ၎င်း၏တပည့် ကာချုပ်ဖြစ်နေခြင်းမှာ မြန်မာပြည်သူများအတွက် အရပ်ဘက် စစ်ဘက် နှစ်ခုစလုံးတွင် စစ်တပ်ဩဇာ ယခုထက်ပြီး လွှမ်းမိုးလာနိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

DMG