နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ဖန်တီးလိုက်သည့် အဖွဲ့အစည်းမှန်သမျှကို ကန့်ကွက်ဆန့်ကျင်ရန် Justice for Myanmar (JFM) က မတ် ၁၈ က ထုတ်ပြန်တိုက်တွန်းသည်။
လက်ရှိ အတုအယောင် လွှတ်တော်ခေါ်ယူမှုသည် နိုင်ငံတဝန်း လူပေါင်းများစွာကို ဥပဒေမဲ့ ဖမ်းဆီး၊ နှိပ်စက်မှုများ၊ သတ်ဖြတ်မှုများနှင့် နေရပ်စွန့်ခွာစေမှုများအတွက် တာဝန်ရှိသည့် တရားမဝင် စစ်အုပ်စုအား အမည်ပြောင်း၍ မဟုတ်မမှန် နိုင်ငံရေးတရားဝင်မှုရရှိရန် ကြိုးစားမှုတရပ်ထက် မပိုကြောင်း JFM က ပြောသည်။
“အမည်ပြောင်းရုံဖြင့် အကြမ်းဖက်မြန်မာစစ်ရာဇဝတ်ဂိုဏ်း၏ ဗီဇရုပ်သွင်ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ အပေါ်ယံဝတ်ရုံများ ဘယ်လိုပင်ပြောင်းပြောင်း စစ်ရာဇဝတ်ဂိုဏ်းကိုကား ဖျက်သိမ်းရမည်” ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။
ထို့ပြင် နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စုနှင့် ၎င်းတို့၏ ဘဏ္ဍာရေး၊ စစ်လက်နက်နှင့် လေယာဉ်ဆီအရင်းအမြစ်များအပေါ် ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်၊ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန်လည်း JFM က တိုက်တွန်းသည်။
စစ်တပ်က မဲစာရင်းအကြောင်းပြ အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစပြီး ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းဖြင့် ကျင်းပခဲ့ရာ စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ဖွံ့ပါတီက နေရာအများစု အနိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင်မူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ခေါ်ယူခဲ့ပြီး ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ ဦးခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ စစ်ကော်မရှင်ခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းကို ဒုဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေးကို အမျိုးသားလွှတ်တော်၏ ဥက္ကဋ္ဌနှင့် စစ်ကော်မရှင်ခန့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး Jeng Phang နော်တောင်ကို ဒုဥက္ကဋ္ဌ အဖြစ် သတ်မှတ်ခဲ့သည်။
လွှတ်တော်ကို မတ်လတွင် ခေါ်ယူပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြှောက်ကာ အစိုးရသစ်တရပ်ဖွဲ့စည်းမည်ဟု စစ်ကော်မရှင်က ပြောဆိုထားဖူးသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် ၎င်းနှင့်ပုလင်းတူဘူးဆို့ ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းများနှင့် လက်ရှိစစ်ဗိုလ်ချုပ်များကို အဓိကကျသော နေရာများတွင် ခန့်အပ်လိုက်ခြင်းဖြင့် စစ်အုပ်စု “အစိုးရ” အပေါ်လည်းကောင်း၊ စစ်တပ် အပေါ်လည်းကောင်း အလုံးစုံထိန်းချုပ်နိုင်စွမ်း အမြစ်တွယ်သွားအောင်လုပ်ရန် ကြိုးစားနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC – M) ကလည်း မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ထိုအကွက်ချဆောင်ရွက်မှုများသည် ၎င်းအသည်းအသန်လိုအပ်နေသော တရားဝင်မှု၊ ပုံမှန်အခြေအနေတို့နှင့် နီးစပ်စေမည်မဟုတ်ကြောင်း၊ နိုင်ငံတကာ အစိုးရများအနေဖြင့် စစ်အုပ်စု၏ ရုပ်သေးအစိုးရကို ငြင်းပယ်ပြီး ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရန်လည်း ငြင်းပယ်ရမည်ဖြစ်ကြောင်း SAC – M ကလည်း ထုတ်ပြန်ထားသည်။
မဇ္ဈိမ