ကချင်ပြည်အစပ် စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်မြို့နယ်တစ်ခုလုံးကို ဧပြီလ ၇ ရက် ည ၈ နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုတို့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဟူ စစ်ရေးသတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄၊ ဩဂုတ် ၁၆ ရက်နေ့ကတည်းက စတင်ခဲ့သည့် အင်းတော်မြို့သိမ်းတိုက်ပွဲသည် ၈ လနီးပါး ကြာမြင့်ခဲ့ပြီးနောက် အရင်းနှီးကြီးခဲ့သည့် တိုက်ပွဲဖြစ်သလို တဖက်တွင်လည်း ကြီးမားသည့်စစ်ရေးအောင်မြင်မှုဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်တို့က ပြောပါသည်။
တိုက်ပွဲစတင်ချိန်ကတည်းက မြို့ပေါ်ရပ်ကွက်များကို သိမ်းပိုက်ထားနိုင်သည့် တော်လှန်ရေးအင်အားစုများသည် မြို့တွင်း၌ နောက်ဆုံးကျန်ရှိသည့် ဒေသအခေါ် ဂျပန်လှိုဏ်ဂူဆိုသည့် စစ်ကောင်စီအထိုင်ချတပ်စခန်းကို ယခုအခါ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အင်းတော်တစ်မြို့လုံးကို အပြီးသတ် သိမ်းပိုက်လိုက်နိုင်ခြင်းဟု ၎င်းတို့က ဆိုသည်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဒီတခေါက်က ဧပြီ ၁ ရက်နေ့ကနေ ပြန်ပြီး အပြန်အလှန်ဖြစ်ကြတာဟုတ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပတ်လောက် ကြာသွားတဲ့သဘောဖြစ်တာပေါ့နော်။ မနေ့ညက ၈ နာရီနဲ့ ၉ နာရီကြားလောက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ” ဟု ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် NUG လက်အောက်ခံ စစ်ကိုင်းအထူးတပ်ရင်း (၁)၊ တပ်ရင်း (၁၀)၊ ကသာတပ်ရင်း (၂)၊ ကျောင်းသားတပ်မတော် ABSDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာလက်နက်တချို့အပါအဝင် လက်နက်ခဲယမ်းအမြောက်အများနှင့် စစ်သုံ့ပန်းတချို့လည်း ဖမ်းဆီးရမိခဲ့သည်ကို သိရပေမယ့် အရေအတွက်အသေးစိတ်ကို မသိရှိရသေးပေ။
ကချင်ပြည်နယ်ဝင်ပေါက် နန့်စီးအောင်မြို့နှင့် ၂၇ မိုင်အကွာတွင်တည်ရှိသည့် အင်းတော်မြို့သည် မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်နှင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းမပေါ်၌ တည်ရှိသည့်မြို့ ဖြစ်သည်။
ယခုလို အင်းတော်မြို့ကို သိမ်းပိုက်လိုက်နိုင်ခြင်းက စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ဒေသများကို စစ်ရေးအရ ခြိမ်းခြောက်နိုင်ပြီး လက်နက်ကိုင်တပ် နှစ်ဖက်စလုံးအတွက် အရေးပါသည့်မြို့ဖြစ်သည်ဟု အင်းတော်မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သူတစ်ဦးက ယခုလို သုံးသပ်ပြောဆိုသည်။
“အင်းတော်က ကျမတို့ မြန်မာပြည် စစ်ကိုင်းတိုင်းအထက်ပိုင်းအတွက် လုံးဝအရေးပါတဲ့ဗျူဟာထိုင်ထားတာပါ။ အင်းတော်ယိုင်ပြီဆိုတာနဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာရှိတဲ့ အခြားနေရာတွေအတွက်လည်း ကျမတို့ တော်လှန်ရေးအဖွဲ့တွေ သိမ်းပိုက်ဖို့ ပိုပြီးအခွင့်များတယ်။ ပြီးရင်အင်းတော်မှာ ဟောင်ဝစ်ဇာအထိုင်ချထားတာ ဖြစ်တဲ့အတွက် အင်းတော်ကိုအရင်သိမ်းနိုင်မှပဲ တခြားမြို့တွေကိုသိမ်းနိုင်မှာ ရန်သူ့အတွက်လည်းအရေးပါတယ်။ ကျမတို့အတွက်လည်း အရေးအပါဆုံးမြို့လို့ ပြောလို့ရတယ်” ၎င်းက ပြောသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လကစပြီး တိုက်ပွဲကြောင့် မြစ်ကြီးနား – မန္တလေး ကားလမ်းကို ကာကွယ်ရေးတပ်ဘက်က သွားလာခွင့်ပိတ်ထားပြီး ကုန်တင်ယာဉ်မောင်းသူများက တောလမ်းကို အသုံးပြုပြီး သွားလာနေကြကြောင်း သိရသည်။
ယခုတကြိမ် အင်းတော်မြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်နိုင်ခဲ့အပြီး အမျိုးသားညီညွှတ်ရေးအစိုး NUG နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်က စစ်ကိုင်းတိုင်းထဲ၌ ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့ ၄ မြို့အထိ ရှိလာပြီဖြစ်သည်။
အဆိုပါမြို့များမှာ ခမ်းပတ်၊ ရွှေပြည်အေး၊ ပင်လည်ဘူးနှင့် အင်းတော်မြို့တို့ဖြစ်ပြီး နိုင်ငံတဝှမ်း၌ စစ်ကောင်စီလက်အောက်ကနေ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ထားနိုင်သည့် မြို့ပေါင်း ၁၀၀ ဝန်းကျင်အထိ ရှိလာပြီ ဖြစ်သည်။
KNG ပေးပို့သည်။