အင်းတော်ကြီးမှာ အရပ်သား ၅၀ ဝန်းကျင်စုဆောင်းရေးဖမ်းဆီးခံရ

By MPM 28 ဖေ‌ဖော်ဝါရီ, 2026 👁 1

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသထဲမှာ အရပ်သား ၅၀ ဝန်းကျင်ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) က တပ်သားသစ်အဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင် အင်းတော်ကြီးဒေသ နန့်မွန်းမြို့ရဲ့အနောက်ဘက် မြို့နဲ့ ၇ မိုင်အကွာ ဒေသအခေါ် (ပြည်တော်သာကွင်း) ထဲက လယ်ယာနဲ့စိုက်ခင်းတွေထဲ အလုပ်လုပ်နေတဲ့သူတွေကို SNA က ဖမ်းဆီးသွားတာဖြစ်တယ်လို့ နန့်မွန်းမြို့ခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“လယ်ကွင်းထဲ အလုပ်လုပ်နေတဲ့လူတွေကိုဝင်ဆွဲတာ ပြီးရင် အဲ့ကွင်းဘေးကတောင်ခြေမှာ လက်လုပ်လက်စား ရွှေတူးတဲ့လူတွေလည်းရှိတယ် သူတို့ပါဝင်ဆွဲခံရတယ်။ အားလုံး ၅၀ ကျော်လောက်ရှိတယ်၊ လူဦးရေအတိအကျ တော့ မသိရသေးဘူး” လို့ အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

ဖမ်းဆီးသွားခံရသူတွေဟာ ဘိုကုန်းရွာ၊ အင်းကုန်းရွာ၊ ကျွန်းကုန်းရွာနဲ့ နန်းမားမြို့ထဲကနေ ပြည်တော်သာကွင်းမှာ လယ်ယာစိုက်ခင်းလာလုပ်တဲ့သူတွေနဲ့ လက်လုပ်လက်စားရွှေလာတူးတဲ့သူတွေ ပါသွားကြောင်းသိရပါတယ်။

“ပြည်တော်သာကွင်းဆိုတာ အကျယ်ကြီးပဲ အဲ့မှာ ဘိုကုန်းတို့၊ ကျွန်းကုန်းတို့ နောက်ပြီး နန်းမာဘက်ကလူတွေ အဲ့ကွင်းမှာအခင်းသွားလုပ်ကြရင် ဖမ်းခံရတာပြီးတော့ ကွင်းနားက ဂွချောင်းဆိုတာရှိတယ် အဲ့ချောင်းမှာ ရွှေတူးတဲ့သူတွေပါသွားတယ်” လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။

ဖမ်းဆီးသွားတဲ့အရပ်သား ၅၀ ကျော်မှာ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ကျော်လူကြီးပိုင်းအထိ ပါဝင်တယ်လို့သိရပြီး လူလတ်ပိုင်းအရွယ် အမျိုးသမီး ၁၀ ဦးခန့်ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးသွားတဲ့ ပြည်သူတွေကို လက်ရှိ နန့်မွန်းမြို့ထဲက စစ်သင်တန်းပို့ချတဲ့ကွင်းထဲမှာ ထိန်းသိမ်းထားပြီး ဒီကနေ့ အထိ ပြန်လွတ်လာတဲ့သူမရှိသေးဘူးလို့ သိရပါတယ်။

အဲ့ဒီ SNA တပ်တွေဟာ နန့်မွန်းအထိုင်တပ်ထဲကလို့သိရပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်း တောလမ်းကနေဝင်လာပြီး ပြည်တော်သာကွင်းပတ်ပတ်လည်ကို ပိတ်စို့ကာ ဖမ်းဆီသွားတာလို့ ဒေသခံတွေကဆိုပါတယ်။

ရှမ်းနီအမျိုးသားများတပ်မတော် SNA ဟာ သူတို့ထိန်းချုပ်ထားတဲ့ လုံးတုံ၊ နန်းမား၊ မိုင်းနောင်၊ မမံကိုင် စတဲ့ကျေးရွာတွေထဲမှာ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တွေကတည်းက လူငယ်တွေကို စုဆောင်းရေး မကြာခနလုပ်နေတာကြောင့် လူငယ်၊ လူလတ်အများပိုင်း ဘေးလွတ်ရာကို တိမ်းရှောင်သွားသူတွေများတယ်လို့ သိရပါတယ်။

ဒါကြောင့် အခုလို လယ်ယာစိုက်ခင်းလုပ်ကိုင်သူတွေနဲ့ တောထဲ လက်လုပ်လက်စားရွှေတူးတဲ့ပြည်သူတွေဘက်ကို ဦးတည်ပြီး ဖမ်းဆီးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ဒေသနေရာအနှံ့မှာ တော်လှန်ရေးတပ်တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက တပ်သားသစ်စုဆောင်းတာကို ပိုမိုလုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။

KNG