အင်းစိန်တွင် အသက်မပြည့်သေးသူ အမျိုးသမီးငယ် အဓမ္မပြုကျင့်ခံရမှု တိုင်ကြားသော်လည်း အမှုဖွင့်မပေး

By MPM 24 မေ, 2026 👁 1

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ၁၀ မိုင် စော်ဘွားကြီးကုန်းတွင် အသက်မပြည့်သေးသူ အမျိုးသမီးငယ်တဦး အဓမ္မပြုကျင့်ခံရမှုအား ပြီးခဲ့သည့် မေလ ၂၂ ရက်က အင်းစိန်မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းသော်လည်း အရေးယူဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက စတင်ကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း လိုက်ပါကူညီပေးသူက မဇ္ဈိမကို ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ – ၃၇၅ အရ အမျိုးသားတဦးသည် အမျိုးသမီးတဦးနှင့် ကာမစပ်ယှက်ရာတွင် အမျိုးသမီးဘက်က ခွင့်ပြုသော်လည်း ထိုသို့ခွင့်ပြုရခြင်းမှာ နာကျင်စေမည် သို့မဟုတ် သေစေမည်ဟု အကြပ်ကိုင် ခြိမ်းခြောက်ခံရပါက မုဒိန်းမှု မြောက်သည်ဟု တရားလွှတ်တော်ရှေ့နေတဦးက သုံးသပ်သည်။

“ဒါက ဥပဒေအရ မုဒိန်းမှု မြောက်ပါတယ်။ ရာအိမ်မှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဆင့်မှာ မရရင် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ အပိုင်စခန်းမှူးဆီ တိုင်ကြားစာ အထောက်အထားတွေကို မိတ္တူနဲ့ ပူးတွဲပေးပို့၊ အဲဒါမှ မရရင် နိုင်ငံတော်အဆင့်ထိ ပို့ရမယ်” ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်ကို ရဲက တိုင်ချက်လက်ခံပြီး စုံစမ်းစစ်ဆေးနိုင်သလို ဖမ်းဝရမ်းမလိုဘဲ ဖမ်းဆီးစစ်ဆေးနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေက ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စွပ်စွဲခံရသူ အသက် ၄၀ ကျော်အရွယ် ဦးစိုးမိုးကို အရေးယူပေးရန် ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားသော်လည်း ဖြေရှင်းပေးခြင်းမရှိ၍ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် ဖြေရှင်းရန် နှုတ်ဖြင့်ပြောကာ ပြန်လွှတ်လိုက်ကြောင်း ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ မိသားစုနှင့် နီးစပ်သူက ဆိုသည်။

“ဖြေရှင်းပေးဖို့ တောင်းဆိုတယ်၊ တောင်းပန်တယ်။ မရတဲ့အဆုံး နယ်ထိန်းကို ခေါ်တယ်။ နယ်ထိန်းက ရောက်လာပြီး နှစ်ဖက်လုံးကို ခေါ်ပြီး အကျိုးအကြောင်း ဖြစ်စဉ်မေးတယ်။ ‘မင်း ကောင်မလေးကို အိမ်ပြန်ပြောရင် သတ်မယ်လို့ ခြိမ်းခြောက်တယ် ဟုတ်လား’ ဆိုတော့ အဲဒီလူက နယ်ထိန်းအရှေ့မှာတင် ဝန်ခံတယ်။ ဒါပေမဲ့ ရာဇဝတ်မှု အထက်ကိုတက်ဖို့ အောက်က အုပ်ချုပ်ရေးမှူးဆီကနေ သွားမှရမယ်၊ ဒါရပ်ကွက်ထဲမှာဖြစ်တာဆိုတော့ နယ်ထိန်းကလည်း အုပ်ချုပ်ရေးမှူးကို သွားပြောပေးတယ်” ဟု ကျူးလွန်ခံရသူ အမျိုးသမီးငယ်၏ မိသားစုနှင့် နီးစပ်သူက ပြောသည်။

မေလ ၃ ရက်က ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီလူက မြှူဆွယ်ဖျားယောင်းပြီး အချိုရည်တွေထဲမှာ စိတ်ကြွဆေးနဲ့ အရက်တွေ ထည့်တိုက်ပြီး အဓမ္မပြုကျင့်တယ်။ မျက်မြင်သက်သေတွေလည်းရှိတယ်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို သတင်းပို့ပြီး ဒါဖြေရှင်းပေးပါဆိုတော့ ရာအိမ်မှူးက ကိုယ့်တူမ ကိုယ့်ဘာသာကိုယ်ထိန်း၊ မနိုင်ရင် ကြိုးတုပ်ထားပေါ့ဆိုပြီး သားသမီးချင်း ကိုယ်ချင်းမစာ ပြောတယ်” ဟု ဖြစ်စဉ်ကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူက ဆိုသည်။

စွပ်စွဲခံရသူက ၎င်းကျူးလွန်မိကြောင်း ဝန်ခံထားပြီး မျက်မြင်သက်သေ ၁၇ ဦးအထိ ရှိနေသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်း အရေးယူခြင်း တစုံတရာမရှိသေးကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် နစ်နာသူဘက်မှ မိသားစုဝင်များသည် ငွေကြေးအခက်အခဲရှိ၍ အထက်သို့ အဆင့်ဆင့် ဆက်လက်တင်ပြရန် အခက်အခဲ တွေ့ကြုံနေရကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံရေးနှင့် ဆက်စပ်သူများကိုသာ ဦးစားပေး လိုက်လံဖမ်းဆီးလေ့ရှိပြီး လုယက်မှု၊ ခိုးမှုနှင့် မုဒိန်းမှုစသည့် ရာဇဝတ်မှုကျူးလွန်သူများကို ဖမ်းဆီးချုပ်နှောင်ရန် နှေးကွေးလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မဇ္ဈိမ