အကျဉ်းသားများကို ပြစ်ဒဏ်လွတ်ငြိမ်းပေးမည်ဟု သမ္မတဦးမင်းအောင်လှိုင်ပြော

By MPM 11 ဧပြီ, 2026 👁 1

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး အထောက်အကူပြုစေနိုင်ရန်အတွက် ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်များ စဉ်းစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်ဟောင်း သမ္မတဖြစ်သူ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတ အဖြစ် ကတိသစ္စာခံယူပြီးနောက် ပထမဆုံး မိန့်ခွန်းထဲတွင် ယင်းသို့ထည့်ပြောခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ အစိုးရအနေနဲ့ လူမှုရေး၊ ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကို အထောက်အကူ ပြုစေရေးနဲ့ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် တွေကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ဦးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ဖော်ဆောင်နိုင်ရေး ကြိုးပမ်းမည်ဖြစ်ပြီး NCA စာချုပ်တွင် သဘောတူထားသည့် အချက်များ၊ NCA စာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီအစုအဖွဲ့တို့ကြား သဘောတူထားသည့် အခြေခံဥပဒေပြင်ဆင်ရေးအချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ပြောသည်။

ယင်းအပြင် အစိုးရအဖွဲ့အသစ်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရွေး‌ကောက်ပွဲနှင့်အတူ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အစိုးရအဖွဲ့တွင် စစ်တပ်အရာရှိဟောင်းများကိုသာ နေရာများများပေးထားပြီး အရပ်သားပါဝင်မှု နည်းပါးသည်။

ယင်းကြောင့် အစိုးရသစ်သည် ပြည်သူ့က ရွေးချယ်တင်မြောက်သည့် ပုံစံဖော်ချင်သော်လည်း နဂိုပင်ရင်းတွင် စစ်ဗိုလ်ချုပ်ဟောင်းများသာဖြစ်ပြီး အရပ်ဖက်ပါဝင်သူ နည်းပါးသဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်အလိုကျ ရုပ်သေးအစိုးရအဖွဲ့သာဖြစ်လာနိုင်သည်ဟု နိုင်ငံရေးသမားများက သုံးသပ်နေကြသည်။

ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးမျိုးကျော်က “အခုဟာက သူတို့ကတော့ ဒီမိုကရေစီ ပြည်သူရွေးချယ်တဲ့ အစိုးရဆိုပြီ ပုံဖော်ချင်တယ်။ ဒါပေမယ့် သူတို့ရဲ့ ပင်ရင်အခံကိုယ်က စစ်တပ်အသိုင်းအဝိုင်းသာဖြစ်တယ်။ ဒီလိုဖြစ်ဖို့အတွက်လည်း အတုယောင် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ရွေးချယ်ခံဖို့အတွက်လည်း ယူနီဖောင်းတွေကို ချွတ်ပြီးတော့ ပါတီတွေဖက်ကို လွှတ်ခဲ့တဲ့ဟာတွေ ရှိတယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက “ဝန်ကြီးလောင်း ၃၀ မှာ ၂၁ ဦးက စစ်ဖက်ကဖြစ်သလို အရပ်ဖက်ကဆိုတဲ့သူတွေကလည်း သူ့အပေါင်းအသင်းတွေနဲ့ သူ့တို့နဲ့ နှစ်ပေါင်းများစွာ အလိုတော်ရှိ လုပ်လာတဲ့သူတွေသာဖြစ်တယ်။ တစ်နည်းပြောရရင် ဒါက ပြည်သူတင်မြောက်တဲ့ အစိုးရမဟုတ်ဘဲ မအလ (မင်းအောင်လှိုင်) ရဲ့ အလိုတော်အတိုင်း တက်ရမယ့် ရုပ်သေးအစိုးရပဲဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိ အစိုးရသစ်အဖွဲ့ဝင် စစ်တပ်အရာရှိဟောင်းပါဝင်မှုဟာ ၇၅ ရာခိုင်နှုန်းအထိရှိပြီး အရပ်သားဝန်ကြီးများမှာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ အလိုတော်များသာဖြစ်ကြောင်း သုံးသပ်နေကြသည်။

NLD အစိုးရထံမှ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မိမိကိုယ်တိုင် သမ္မတရာထူးကိုယူလိုက်ပြီး ဧပြီလ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုလွှတ်တော်၌ ကတိသစ္စာ ကျမ်းကျိန်ခဲ့သည်။

DMG