ဟုမ္မလင်းမြို့ နောင်ဆန်းကျင်ကျေးရွာတွင် တိုက်ပွဲကြောင့် နေအိမ် ၁၅ လုံး မီးလောင်ကျွမ်း

By MPM 23 ဒီဇင်ဘာ, 2023 👁

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နောင်ဆန်းကျင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲများကြောင့် ရွာခံအရပ်သားများ၏ နေအိမ် ၁၅ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“နောင်ဆန်းကျင်ရွာက ညနေပိုင်းလောက်က စပြီး မီးလောင်လိုက်တာ ၁၅ အိမ်ကတော့ ပါသွားပြီ။ မီးလောင်တဲ့ အထဲမှာ” ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ဒုတိယအပတ်နှင့် တတိယအပတ်အတွင်း၌ ဖြစ်ပွားခဲ့သည့် နှစ်ဖက်တပ်အကြား တိုက်ပွဲများကြောင့် အရပ်သားနေအိမ် ၁၅ လုံး မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါ နောင်ဆန်းကျင်ကျေးရွာတွင် တော်လှန်ရေးအင်အားစုများက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“နောင်ဆန်းကျင်ဘက်၊ အီလောင်ဘက် ကမ်းတွေမှာလည်း ပစ်နေကြတယ်။ အခုတော့ ဘယ်လို ဘယ်လိုတွေလည်း မသိဘူး၊ စစ်ဘေးရှောင်တွေကလည်း များသထက် များလာပြီ” လို့ ၎င်းက ဆိုသည်။

တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေခြင်းကြောင့် နောင်ဆန်းကျင်ကျေးရွာအုပ်စုမှ ဒေသခံများသည်လည်း ဟုမ္မလင်းမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်လျက်ရှိသည်ဟု ဟုမ္မလင်းဒေသခံ စစ်ရှောင်ကူသူများက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက နောင်ဆန်းကျင်ကျေးရွာအတွင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဟုမ္မလင်း PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် နောင်ဆန်းကျင်ကျေးရွာအုပ်စုကို ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ် HPDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားကြောင်း သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။