ဟုမ္မလင်းမြို့၊ နောင်ပိုအောင်ကျေးရွာနှင့် နားမော်ကျေးရွာအနီး လက်နက်ကြီးပစ်သံများကြားရလို့ ဒေသခံများ စိုးရိမ်နေ

By MPM 30 ဧပြီ, 2025 👁

ဟုမ္မလင်းမြို့နယ်၊ ဥရုချောင်းဘေးရှိ နောင်ပိုအောင်ကျေးရွာနှင့် နားမော်ကျေးရွာတို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများ မကြာခဏကြားနေရတာကြောင့် တိုက်ပွဲ ကြီးကြီးမားမားဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။

ဧပြီ ၂၉ ရက်နေ့ ည ၈ နာရီခွဲကျော်တွင် နားမော်ကျေးရွာအနီး လက်နက်ကြီး၊ လက်နက်ငယ်သံနှင့် ပေါက်ကွဲသံများ ဆက်တိုက်ကြားရသည်ဟု နားမော်ကျေးရွာအနီးရှိ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“မနေ့က နားမော်မှာ လက်နက်ကြီးသံတွေရော၊ လက်နက်ငယ်သံတွေရော အစုံပဲ ဆူညံသွားတာ။ ကျနော်သုံးသပ်တာကတော့ တိုက်ပွဲဖြစ်ပွားတာနေမယ်။ လက်နက်ကြီးအသံကြားရပြီးတဲ့နောက် လက်နက်ငယ်သံတွေကို ပြန်ကြားတယ်။ အဲ့နောက်မှာ ပေါက်ကွဲတဲ့အသံတွေ ကြားရတာ” ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင်လည်း ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီး၌ လက်နက်ကြီး ပစ်ခတ်သံများ မကြာခဏ ကြားနေရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဟုမ္မလင်းမြို့နယ် ဥရုချောင်းဘေး ပင်းမခေါ်၊ သဖန်းကုန်းကျေးရွာ တဖက်ကမ်းက နောင်ပိုအောင်ကျေးရွာဘက်၌ ဧပြီလ ၂၃ ရက်နေ့ ည ၈ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သံကြားရသည်ဟု ပင်းမခေါ် ဒေသခံတစ်ဦးက ပြောဆိုထားသည်။

“လက်နက်ကြီးသံက ဟိုဘက်ကမ်းက မနေ့ (ဧပြီ ၂၃ ရက်) ညက ၈ နာရီ ၉ နာရီ ဝန်းကျင်မှာကြားရတာ၊ အရင်နေ့ကလည်း အဲ့လိုပဲ၊ ပုံမှန်ပါပဲ ပစ်နေကျ။ ဒီနေ့ နေ့လည်ထိတော့ ဆက်မကြားရသေးဘူး။ လူတွေကတော့ ရှိပါတယ်။ အနည်းကျဉ်းပေါ့၊ တချို့တွေကတော့ ဒီပင်းမခေါ်ဘက်ကို ရှောင်ထွက်လာကြကုန်ပီ” ဟု ၎င်းကပြောသည်။

လက်ရှိ၌ နောင်ပိုအောင်ကျေးရွာ၊ နမ့်စကား၊ ပေါက်ပင်နှင့် အနီးနားဒေသခံတချို့သည် ပင်းမခေါ်နှင့် သဖန်းကုန်းကျေးရွာဘက်ကို ရွေ့ပြောင်းလာကြခြင်းရှိနေပြီး တချို့မှာ ကျေးရွာတွင်းမှာပင် ဆက်လက်ရှိနေသည်ဟုဆိုသည်။

နောင်ပိုင်အောင်ကျေးရွာအနီး လွှစင်ကုန်းကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်လည်ပိုင်းကတည်းက ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဦးဆောင်သည့် PDF တပ်ဖွဲ့နှင့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ တိုက်ပွဲပြင်းထန်ခဲ့ကြပြီး ဒေသခံထောင်ချီမှာ နေရပ်မပြန်နိုင်ကြသေးပဲ လက်ရှိချိန်ထိ တိမ်းရှောင်နေကြရဆဲဖြစ်သည်။

ရှမ်းနီအသံ ပေးပို့သည်။