ချင်းပြည်နယ်၊ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ပါတ်စ်ပို့ရုံး) တွင် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်များ နယ်ကျော်ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်သည်ဟု စုံစမ်းသိရှိရသည်။
ကြိုတင်အသိပေးခြင်းမရှိဘဲ နယ်ကျော်ပါတ်စပို့ပြုလုပ်ခွင့် ရုတ်တရက် ပိတ်လိုက်ခြင်းကြောင့် နယ်ခြားမှ ပါတ်စပို့လုပ်ရန် စောင့်ဆိုင်းနေကြသည့် ပြည်သူများ အခက်တွေ့နေကြောင်း ဟားခါးမြို့ကို ပါတ်စပို့လုပ်ရန် ရောက်ရှိနေသော ချင်းအမျိုးသားတစ်ဦးက ပြောသည်။
“ရုံးဘက်ကတော့ ဒီလိုပဲ ပိတ်ခိုင်းလို့ ဒီနေ့ ပိတ်လိုက်တာ၊ နယ်ခြားဆို လက်မခံတော့ဘူးလို့ ပြောတယ်။ အခု ကျွန်တော်တို့ဆို ၅/ ပေါ့၊ ကလေးမြို့ကနေလာတာ ရက်ချိန်းယူပြီး စောင့်တာပေါ့။ ဒီနေ့ဆို ကျွန်တော်တို့ ရက်ချိန်း ရတဲ့နေ့ပဲ၊ အခု မလုပ်ပေးဘူး ပြန်လှည့်ရတော့မယ်” ဟု ကလေးမြို့မှ ဟားခါးမြို့သို့ ပါတ်စပို့လုပ်ရန် ရောက်နေသည့် ချင်းအမျိုးသားတစ်ဦးက ပြောသည်။
ဟားခါးမြို့ ပါတ်စပို့ရုံးတွင် နယ်ခြားမှ ရောက်ရှိလာသူများသည် ကြိုတင် ရက်ချိန်းယူကြရကာ နေစရိတ် စားစရိတ်နှင့် သွားလာရေး လမ်းစရိတ်များအား ကုန်ကျခဲ့ရပြီး၊ ယခုကဲ့သို့ ရက်ချိန်းနေ့တွင် ရုတ်တရက် ပြုလုပ်ခွင့် ပိတ်ပင်ခံရခြင်းကြောင့် နစ်နာမှုများ ကြုံနေကြရသည်ဟု လာရောက်လုပ်ကိုင်သူများက ပြောသည်။
ချင်းပြည်နယ် ပြင်ပ ချင်းလူမျိုးများ အများစုနေထိုင်ကြသော ကလေးမြို့နယ်၊ တမူးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်မှ ချင်းပြည်သူများ၏ အခက်အခဲအား ဖြေရှင်းပေးသည့်အနေဖြင့် ဟားခါးမြို့တွင် တင်ပြညှိနှိုင်းချက်အရ ပါတ်စပို့ နယ်ကျော် လုပ်ခွင့်ပြုထားခြင်း ဖြစ်သည်။
ယခုလက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဟားခါးမြို့ ပါတ်စ်ပို့ရုံးတွင် ချင်းပြည်နယ်အတွင်းရှိ ၄/ များအတွက်သာ လက်ခံကာ ပြုလုပ်ပေးနေကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်း ၄/ များ အတွက် ပါတ်စပို့ပြုလုပ်ရာတွင် ကျပ် ၇၀,၀၀၀ နှင့်အထက် ကုန်ကျပြီး နယ်ခြား ၅/ များ အတွက် နယ်ကျော်ပြုလုပ်ခ ကျပ် ၁၀၀,၀၀၀ နှင့်အထက် ကုန်ကျကြောင်း သိရသည်။
ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနမှ နယ်ကျော်ပြုလုပ်ခွင့် ရုတ်တရက် ပိတ်လိုက်ရသည့် အကြောင်းအရင်းအား မသိရသော်လည်း ယခုလိုပိတ်လိုက်ခြင်းကြောင့် ချင်းပြည်နယ် ပြင်ပတွင် ရှိနေကြသော ချင်းလူမျိုးများအား မျက်ကွယ်ပြုလိုက်ခြင်း ဖြစ်သည်ဟု လာရောက်လုပ်ကိုင်သူများက မကျေမနပ် ဖြစ်နေကြသည်။
KMG ပေးပို့သည်။