သျှမ်းတပ်နှစ်တပ်၏ ပဋိပက္ခကြား ကျောက်မဲ ပြည်သူများ ဖမ်းဆီးခံရမှု ရှိနေ

By MPM 3 မေ, 2023 👁

သျှမ်းတပ်မတော်များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့အကြား ပဋိပက္ခများကြောင့် ကျောက်မဲမြို့က ပြည်သူများ ဖမ်းဆီးခံနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့ နှင့် ၃၀ ရက်နေ့တွင် သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့နယ် နောင်ပင်ကျေးရွာအုပ်စုဘက်ရှိ ဒေသခံများ ဖမ်းဆီးခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လာဖမ်းတဲ့ သူကတော့ SSPP တပ်ဖွဲ့က ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းဆီးခံသွားရတဲ့ သူတွေကျတော့ RSCC နဲ့ ပတ်သက်တဲ့သူတွေ ဖြစ်တယ်၊ အခု သိရသလောက်တော့ ပိန်းထွမ်ကျေးရွာ (ဝၢၼ်ႈပဵင်းထွမ်ႇ) က သူကြီး အပါအဝင် ၃ ဦး ဖမ်းဆီးခံသွားရတယ်၊ တခြား ရွာကလည်း ဖမ်းခံရတာတွေရှိတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပိန်းထွမ်ရွာ (ဝၢၼ်ႈပဵင်းထွမ်ႇ) မှ ဖမ်းဆီးခံရသူများသည် ရွာသူကြီး အပါအဝင်၊ အသက် (၄၀) ဝန်းကျင်ရှိ ပါနန်းအိမ်နှင့် အမည်မသိရသေး နောက်ထပ် အမျိုးသား တစ်ဦးလည်း ဖမ်းဆီးခံသွားရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဝမ်ထမ် (ဝၢၼ်ႈထမ်ႈၵၢင်) ကျေးရွာနေ ပါနန်းခို၏ သားဖြစ်သူကိုလည်း လာရောက်ဖမ်းဆီးသွားကြောင်း အထက်ပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဖမ်းဆီးခံရသူတွေကို ဘယ်နေရာမှာ ခေါ်သွားလဲ ဆိုတာကိုတော့ မသိရသေးဘူး၊ ကျန်နေတဲ့ မိသားစုဝင်တွေရော၊ တခြားဒေသခံတွေရော သူတို့ကိုပါ ထပ်လာဖမ်းမှာ စိုးလို့ ထွက်ပြေးနေကြတာတွေလည်း ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုထားသည်။

လက်ရှိတွင် ကျောက်မဲမြို့နယ်မှာ နောင်ပိန်ကျေးရွာ အုပ်စုရှိ ပိန်းထွမ်ကျေးရွာ (ဝၢၼ်ႈပဵင်းထွမ်ႇ)၊ တောင်ထိပ်ရွာ (ဝၢၼ်ႈတွင်ႇထိၵ်ႈ)၊ ခန့်ခိုင်းကျေးရွာ (ဝၢၼ်ႈၶၢင်ႈၶၢႆး)၊ နမ့်မက်ဟိန်ရွာ (ဝၢၼ်ႈၼမ့်မၢၵ်ႇႁိၼ်)၊ နားအော်ရွာ (ဝၢၼ်ႈၼႃးဢေႃႈ) ၊ နားချမ်ကျေးရွာ (ဝၢၼ်ႈၼႃးၶႅမ်) နှင့် ခိုင်းဆင် (ဝၢၼ်ႈၶၢႆးသိမ်ႇ) ကျေးရွာတို့အထိ SSPP/SSA တပ်သားများက ဝင်ရောက်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေသခံများ ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး ဒေသအတွင်း SSPP/SSA တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရာ အင်တော – ရပ်စောက် လမ်းကြော တစ်လျှောက် SSPP/SSA ကို မိုင်းဆွဲတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်မှု ရှိ/မရှိကို စစ်ဆေးမေးမြန်းလိုသည့်အတွက် ခေါ်ယူခြင်းဖြစ်ကြောင်း ဒေသအတွင်း SSPP/SSA မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခု မြေပြင်အခြေအနေက တော်တော်ကို ရှုပ်ထွေးနေတယ်၊ ကျနော်တို့ တပ်သားတပ်ဖွဲ့တွေကို မိုင်းဆွဲတိုက်ခိုက်မှုတွေလည်း ခပ်စိပ်စိပ် ရှိလာတယ်၊ သူတို့ကိုယ်တိုင်ကလည်း RCSS/SSA နဲ့ နီးစပ်ကြတယ်လို့ ကျနော်တို့ သတင်းရထားတယ်၊ အခုလည်း ဖမ်းဆီးလာတာ မဟုတ်ပါဘူး၊ စစ်ဆေး မေးမြန်းဖို့အတွက် ခေါ်ထားရုံပါ” ဟု ကျောက်မဲမြို့နယ်အတွင်း SSPP/SSA တာဝန်ရှိသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် လက်ရှိ ဖမ်းဆီးခေါ်ဆောင်ခံထားရသူများသည် ၃/၄ ယောက်သာ ရှိနေကြောင်းနှင့် လူဦးရေ ဆယ်ချီ ခေါ်ဆောင်ဖမ်းဆီးထားခြင်း မဟုတ်ကြောင်း ဒေသအတွင်း SSPP/SSA တာဝန်ရှိသူက ဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းမှ စတင်ကာ SSPP/SSA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့သည် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ကို တိုက်ခဲ့သည်။

ထို့နောက်တွင် ရပ်စောက်မြို့မှ တစ်ဆင့် ဟိုပုံးမြို့နယ်နှင့် လဲချား၊ မိုင်းနောင် ၊ကျေးသီးတို့ဘက်အထိ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က RCSS/SSA ကို တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင်လည်း သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် တောင်ပိုင်း ရပ်စောက်မြို့လမ်းကြောင်း၊ ကျေးသီး၊ မိုင်းနောင်၊ နမ့်လန် လမ်းကြောင်းတို့တွင် RCSS/SSA တပ်ဖွဲ့သည် SSPP ကို ဗုံးဆင်၊ ဗုံးဆွဲ တိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း SSPP/SSA ၏ သတင်းစာမျက်နှာဖြစ်သည့် SSPP Info မှ ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် – ပေးပို့သည်။