မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။
သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်နေ မြို့နယ်ထွေအုပ် ဒုဦးစီးမှူး တာဝန်ထမ်းဆောင်နေသည့် အသက် ၄၀ နှစ် အရွယ် ဦးအောင်ကိုကိုဆိုသူသည် ဆန့်ကျင်ဘက်အဖွဲ့အစည်းများထံ ဌာနဆိုင်ရာဝန်ထမ်းများ၏ သတင်းအချက်အလက်များအား ပေးပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ယခုလို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
“ခေတ်အခေါ် ဖရဲသီးပေါ့ဗျာ။ သံဖြူဇရပ်မြို့နယ် ထွေ/အုပ် ဌာနက ဒုဦးစီးမှူးတစ်ဦးကို ဖမ်းဆီးအရေးယူ ထားတယ်။ တလောက ဖမ်းမိထားတဲ့ သံဖြူဇရပ်မြို့က PDF တစ်ယောက်ကဖော်လို့ ဖမ်းထားတာ” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် သံဖြူဇရပ်မြို့နယ် ထွေအုပ်ဒုဦးစီးမှူး ဦးအောင်ကိုကိုကို သံဖြူဇရပ် မြို့မရဲစခန်းတွင် (ပ) ၁၃၆/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်အရေး ဥပဒေပုဒ်မ – ၅၂ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
သံဖြူဇရပ်မြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က မြို့ခံဦးမြင့်သန်းဆိုသူကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဦးမြင့်သန်း၏ ထွက်ဆိုမှုကြောင့် သံဖြူဇရပ်မြို့ရှိ ဟေမာန်ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ကိုတရုပ်နှင့် စီးပွားရေးလုပ်ငန်းရှင် တချို့အပါအဝင် မြို့ခံ ၁၀၀ ခန့်ကို စစ်ကောင်စီတပ်က ဆက်တိုက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူများအနက်မှ PDF ထောက်ပို့ဟု စွပ်စွဲခံထားရသူ ၅၀ ဦး ထက်မနည်းကို ဝဲကလိတပ်နယ်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူတို့ထံမှ သိရသည်။
ထိုသို့ ဖမ်းဆီးစစ်ဆေးခံနေရသူများအနက်မှ ဦးမြင့်သန်းနှင့် ကိုမင်းမင်းဆိုသူတို့နှစ်ဦးသည် စစ်ကြောရေးတွင် စစ်ဆေးနေစဉ် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်ဟုလည်း မြို့ခံများက ပြောသည်။
ယင်းအပြင် ဖမ်းဆီးခံထားရသူများအနက်မှ ၅ ဦး၏ နေအိမ်ပိုင်ဆိုင်မှုများကိုလည်း စစ်ကောင်စီတပ်က ချိပ်ပိတ် သိမ်းဆည်းထားပြီး၊ ကျန်သူများကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးမှု ဆက်လက် လုပ်ဆောင်နေသည်ဟုလည်း မြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။
IMNA ပေးပို့သည်။