အကျင့်ပျက်သူများကိုသာ PNO/​PNA က တပ်သားစုဆောင်းနိုင်ခဲ့ဟုဆို

By MPM 2 နိုဝင်ဘာ, 2026 👁 52

ပအိုဝ်းပြည်သူ့စစ် (PNO/PNA) သည် တပ်သားများစုဆောင်းရာတွင် အကျင့်ပျက်သူများကိုသာ စုဆောင်းနိုင်ခဲ့ကြောင်း PNO အဖွဲ့ဝင် ခွန်ဆန်းအောင်က ဝန်ခံပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။​

စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်နှင့်အပြိုင် ပအိုဝ်းပြည်သူ့စစ် (PNO/PNA) ကလည်း အတင်းအဓမ္မ စစ်မှုထမ်းကောက်ယူမှုကြောင့် လူငယ်အများစုသည့် နယ်စပ်ဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်မှုကြောင့် PNO/ PNA အနေဖြင့် စစ်သားများစုဆောင်ရာတွင် ပညာတတ်လူငယ်များကို မစုဆောင်းနိုင်ခဲ့ဘဲ အကျင့်ပျက်သူများကိုသာ စုဆောင်းနိုင်ခဲ့ကြောင်း PNO/PNA လက်အောက်ခံ ခွန်ဆန်းအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဝန်ခံပြောဆိုလိုက်သည်။

“မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ ပညာတက် လူတော် လူကောင်းတွေကို စစ်ထဲဝင်ဖို့ခေါ်တာကျ မဝင်ကြဘူး ရှောင်ဖယ်သွားကြတယ်။ အဲကြောင့် အကျင့်ပျက်တဲ့လူတွေနဲ့ဘဲ ရန်သူကို ချေမှုန်းခဲ့တယ်။ အခုလို ငြိမ်ချမ်းတဲ့ကာလရောက်တဲ့ချိန်မှာကြ ဒီလိုအကျင့်ပျက်တဲ့လူတွေက အခုလိုပြဿနာ ကိစ္စမျိုးဖြစ်ပြန်တော့ သေသေချာချာ ကိုင်တွယ်ဖို့ လိုအပ်လာပြီ” ဟု ခွန်ဆန်းအောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားသည်။

ထိုသို့ ရေးသားခြင်းကြောင့် PNO/PNA  တပ်ထဲတွင် မူးယစ်ဆေးသုံးစွဲသူများ၊ သူခိုးများနှင့် အိမ်တွင်းအကြမ်းဖက်မှုကြောင့် တိုင်ခံရသူများကို ဖမ်းဆီးပြီး စစ်မှုထမ်းထည့်နေသည်ကို မြင်သာနေပြီဖြစ်ကြောင်း ပအိုဝ်းလူငယ်အမျိုးသားတစ်ဦးက ပြောသည်။

“အရင်က မူးယစ်ဆေး သုံးတဲ့သူ၊ သူခိုးတွေကို တပ်က ဖမ်းပြီး စစ်မှုထမ်းပို့တယ်ဆိုတာ မယုံဘူး၊ အခု သူပြောလိုက်မှ သေချာမြင်တော့တယ်၊ စစ်မှုထမ်းခေါ်တဲ့အခါ လူတွေငှားရတာ ရတဲ့သူအကုန်ထည့် ဘာဖြစ်ဖြစ် ဖမ်းထည့်တော့ PNO တပ်က စုတ်ပြတ်နေတာပေါ့” ဟု အဆိုပါ လူငယ်အမျိုးသားတဦးက ပြောသည်။

ဆက်လက်ပြီး ကောင်းမှုစဉ်ရွာမှ အမျိုးသမီးနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက ကျပ်သိန်း ၁၀၀ စီဖြင့် ကျေအေးပေးလိုက်သောကြောင့် နောက်နောင် ယခုဖြစ်စဉ်မျိုးဖြစ်လျှင် ငွေကြေးနှင့် ကြေအေးနိုင်သည့်ဟုယူဆက အကြမ်းဖက်မှုများ ပိုများလာနိုင်သောကြောင့် အမှန်တရားပေါ်ပေါက်ပြီး ဥပဒေနည်းအရ အရေးယူစေလိုကြောင်း ပအိုဝ်းလူငယ်များက ပြောဆိုလိုက်သည်။

သျှမ်းသံတော်ဆင့်