သေဒဏ်ကျခံနေရသူ ၃၈ ဦးကို ထောင်ဒဏ်တစ်သက် ပြောင်းလဲကျခံစေရန် စစ်ကောင်စီ ထုတ်ပြန်

By MPM 4 မေ, 2023 👁

သေဒဏ်အမိန့်ချမှတ်ခံထားရသည့် အကျဉ်းသား/သူ ၃၈ ဦးတို့ကို သေဒဏ်မှ လွတ်ငြိမ်းခွင့်ပြုပြီး ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်အဖြစ် ပြောင်းလဲကျခံစေရန် စစ်ကောင်စီက ထုတ်ပြန်ကြေညာသည်။

ရာဇသတ်ကြီးပုဒ်မ – ၅၀၅ – (က) နှင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၂၁၅၃ ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း မတ်လ ၃ ရက် နံနက်က ထုတ်ပြန်လိုက်ပြီးနောက် ညနေပိုင်းတွင် သေဒဏ်မှ လွတ်ငြိမ်းခွင့်အမိန့် ဆက်တိုက်ထွက်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် နိုင်ငံရေးအမြတ်ထုတ်ရန်အတွက် ခုလို နိုင်ငံရေးအကျဉ်းသားများကို အသုံးချနေကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှုး ဒေါ်နှင်းနှင်းမွှေးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ စစ်အုပ်စုဟာ သူတို့စိတ်စေတနာနဲ့ အကျဉ်းသားတွေကို လွှတ်ပေးတာမဟုတ်ဘူး၊ ဒီရက်ပိုင်းအတွင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်းလာတယ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးလာတယ်၊ စစ်အုပ်စုဟာ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးပိုင်းတွေမှာ ဘေးကြပ်နံကျပ်ဖြစ်နေပြီ၊ နိင်ငံတကာကလည်း နိုင်ငံ ရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ဖိအားပေးတာတွေကြောင့် သူတို့အကျိုးစီးပွားသက်သက်ပဲ လုပ်တာလို့ ပြောချင်ပါတယ်”

မေလ ၂ ရက် မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်း နေပြည်တော်ကို ရောက်လာချိန် စစ်ကောင်စီအနေဖြင့် နိုင်ငံရေးထွက်ပေါက်ရနိုင်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို အချိန်ကိုက် လွှတ်ပေးတာ၊ ပြစ်ဒဏ်များ လျော့ပေါ့ ပေးတာဖြစ်နိုင်ကြောင်းလည်း နိုင်ငံရေးလေ့လာသူတစ်ချို့က သုံးသပ်ကြသည်။

စစ်တပ်အာဏာသိမ်းထားသည့် ၂ နှစ်ကျော်ကာလအတွင်း သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၄) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ၂၀၂၃ ခုနှစ် မေလ ၂ ရက်အထိ ပြုစုထားသည့်စာရင်းများအရ သိရသည်။

ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။