တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းအပြင် ရေကြောင်းနှင့်ပါ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအမျိုးသား ၃ ဦး ထပ်မံသေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်ကောင်စီတပ်က မေ ၁၀ ရက်နေ့ မနက် ၁၂ နာရီခန့်တွင် ကနက်သီရိကျေးရွာကို ရဟတ်ယာဉ် ၂ စီး၊ ဂျက်ဖိုက်တာ ၁ စီးနှင့် ဗုံးအလုံး ၂၀ နီးပါး ကြဲချခဲ့သလို ရေတပ်စစ်သင်္ဘောကလည်း လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့စစ်ကောင်စီ၏ လေကြောင်းနှင့် ရေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အတွင်း နေထိုင်နေသည့် အသက် ၄၀ ကျော်အရွယ် ဒေသခံများဖြစ်သော ကိုနောင်ဂေါ၊ ကိုနိုင်ကြီးနဲ့ ကိုညီဦးတို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်စီးမှုရှိနေပြီး ဒေသခံအများစုက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် နေအိမ်ပျက်စီးမှု အရေအတွက်ကို အတိအကျ မသိရှိရသေးပါ။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့ကလည်း ကနက်သီရိနှင့် ရငဲကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် ဒေသခံလူငယ်များဖြစ်သည့် မောင်ပိုင်စိုးသူနှင့် မောင်ဟိန်းပြည့်ဖြိုးတို့ နေရာမှာပင် သေဆုံးခဲ့ပြီး ကလေးငယ် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
သရက်ချောင်းဒေသရှိ ပဲဒက်စခန်း သိမ်းပိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အရပ်သား ပြည်သူများအပေါ် ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ကျူးလွန်လာသည်ဟု ဒေသတွင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် သရက်ချောင်းမြို့နယ်ထဲက ကျေးရွာများဖြစ်သည့် ရငဲ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်နှင့် ကနက်သီရိကျေးရွာတို့က ဒေသခံ ထောင်နှင့်ချီသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံက သိရှိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။