လွှတ်တော်ကိုယ်စားလှယ်များရုံးဆောက်ဖို့ မွန်ညီညွတ်ရေးပါတီက လောင်းကစားဝိုင်းတွေထံ ငွေတောင်းခံ

By MPM 9 မေ, 2026 👁 1

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ဆိုကာ မွန်ညီညွတ်ရေးပါတီက လောင်းကစားဝိုင်းတွေဆီက ငွေကြေး လိုက်လံတောင်းခံနေတယ်လို့ လောင်းကစားခုံပိုင်ရှင်တွေထံကနေ သိရပါတယ်။

အခုလို လောင်းကစားဝိုင်းတွေဆီက ငွေကြေးတောင်းခံတာဟာ ရွေးကောက်ပွဲကတက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေကို တိုက်ရိုက်ထိတွေ့နိုင်အောင် လွှတ်တော်ကိုယ်စားလှယ်များရုံး ဆောက်ဖို့အတွက် တောင်းခံတာ ဖြစ်တယ်လို့ သိရပါတယ်။

မွန်ညီညွတ်ရေးပါတီအနေနဲ့ လောင်းကစားဝိုင်းတွေဆီက ငွေကြေးတောင်းခံတဲ့နေရာမှာ ငွေကြေးပမာဏကို သီးခြား သတ်မှတ်ထားတာ မရှိပေမယ့် လောင်းကစားဝိုင်းတစ်ခုံကို အနည်းဆုံး ကျပ် ၅ သိန်းကနေ ကျပ် ၁၀ သိန်းဝန်းကျင်အထိ ပေးဆောင်ရတယ်လို့ ဆိုပါတယ်။

လောင်းကစားခုံ ပိုင်ရှင်တစ်ဦးကတော့ မွန်ညီညွတ်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်များရုံးဆောက်ဖို့ ငွေကြေးတောင်းခံတာကြောင့် မဖြစ်မနေပေးရပြီး မပေးပါက လောင်းကစားဝိုင်းတွေကို ပြဿနာရှာမှာစိုးတဲ့အတွက် ပေးဆောင်လိုက်ရတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို မွန်ညီညွတ်ရေးပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ လောင်းကစားဝိုင်းတွေဆီက ငွေကြေးတောင်းခံမှု ရှိ/မရှိအပေါ် ပါတီပြောခွင့်ရ နိုင်သန်းရွှေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တဖက်မှာတော့ မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ စစ်ကော်မရှင်ကပြုလုပ်တဲ့ ရွေးကောက်ပွဲအတွင်း မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးနဲ့ ပေါင်မြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်များရုံးတွေ လိုက်လံဖွင့်လှစ်နေတာ ဖြစ်ပါတယ်။

အခုလို မွန်ညီညွတ်ရေးပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်များရုံးတွေ လိုက်လံဖွင့်လှစ်ထားပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ပြည်သူတွေကို မြေပြင်အထိ ကွင်းဆင်းထိတွေ့တာ မရှိတဲ့အပေါ် ဒေသခံတွေအကြား ဝေဖန်မှုတွေ ရှိနေတာပါ။

မွန်ညီညွတ်ရေးပါတီဟာ စစ်တပ်က ဦးဆောင်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅ နေရာနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ နေရာ အနိုင်ရရှိထားတဲ့ ပြည်နယ်အခြေစိုက် ပါတီတစ်ခုဖြစ်ပါတယ်။

သံလွင်တိုင်းမ်